ချင်းပြည်နယ် ထန်တလန်မြို့တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ကြည့်နေရာမှ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ်လ ၂၇ ရက်နေ့တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါဗုံးမှာ ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ထန်တလန် CDF တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပစ်ခတ်ခဲ့သည့် ဗုံးသီးဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်တစ်ဦးက “ရှေ့တစ်ရက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ပစ်ထားတဲ့ဗုံးသီး ဟုတ်တယ်ဗျ။ အဲ့ဒါက အခုပေါက်ကွဲမှုဖြစ်တဲ့အိမ်မှာ ဒီခေါင်မိုးပေါ်မှာ ကျနေတာ။ အဲ့ဒါကိုထုတ်ပြီး သူတို့က ကြည့်နေရင်းမှာ ပေါက်ကွဲသွားတာပါ။ အိမ်ရှင်အမျိုးသားက သေသွားတယ်။” ဟု ပြောသည်။
အဆိုပါဗုံးမှာ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် ဗုံးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဗုံးသီးပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် ဦးဟဲဘစ်ဆိုသူ အမျိုးသားတစ်ဦးသေဆုံးပြီး သေဆုံးသူ၏သားမှာ လက်ပြတ်သွားကာ စုစုပေါင်း ဒဏ်ရာရသူ ၁၁ ဦးရှိသည်ဟု သိရသည်။
“ဗုံးပေါက်ကွဲတဲ့အိမ်က သူတို့အိမ်မှာ အရင်ရက်က ဗုံးကျထားတဲ့ဟာကို ဖယ်ပြီး အိမ်ပြင်ဖို့လုပ်ရင်းကနေ ထပေါက်တာဗျ။ အခုဗုံးပေါက်ပြီး ဒဏ်ရာရထားတဲ့လူတွေထဲက တချို့က ထန်တလန်ဆေးရုံမှာ ရောက်နေပြီ။ ကျန်တဲ့ ဒီအရမ်းစိုးရိမ်ရတဲ့လူတွေကိုတော့ ဟားခါးဆေးရုံအထိ ပို့လိုက်ရတယ်” သွားရောက်ကူညီပေးခဲ့သူတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၁ ဦးရှိသည့်အနက် စိုးရိမ်ရသူများကို ဟားခါးဆေးရုံသို့ပို့ထားရပြီး ကျန်လူနာများကို ထန်တလန်ဆေးရုံတွင် ပို့ဆောင် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူပင် ချင်းပြည်နယ် ထန်တလန်မြို့က ရဲစခန်းအနီး ဖြစ်ပွားခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဩဂုတ်လ ၂၅ ရက်နေ့ ဖြစ်ပွားခဲ့သည့် တီးတိန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီးဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်းတွင်လည်း ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည်။
ချင်းပြည်နယ်အတွင်းရှိ မင်းတပ်၊ ထန်တလန်အပါအဝင် တီးတိန်မြို့နယ်တို့အတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။







