လက်တုန့်ပြန်မည့် စစ်ကောင်စီကြေညာချက်ကြောင့် ပြည်သူများစိုးရိမ်

လက်တုန့်ပြန်မည့် စစ်ကောင်စီကြေညာချက်ကြောင့် ပြည်သူများစိုးရိမ်
ဓါတ်ပုံ - The Kachin Net
ဓါတ်ပုံ - The Kachin Net

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီက “သောင်းကျန်းသူများအား” ပြန်လည်တုန့်ပြန်မည်ဖြစ်ကြောင်း လိုက်လံကြေညာနေသဖြင့် ဒေသခံများက စိုးရိမ်ကာ ကျေးရွာများမှ စွန့်ခွာထွက်ပြေးနေကြသည်ဟု ဒေသခံများနှင့် ရပ်မိ/ရပ်ဖများက ပြောသည်။

“ခလရ ၅၈ တပ်ရင်းအား ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အတွင်း အကြမ်းဖက် သောင်းကျန်းသူများသည် ကျေးရွာအတွင်းရှိ လူနေအိမ်များ၊ လမ်းကြိုလမ်းကြားများမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသောကြောင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း RoE အရ အကြမ်းဖက်သောင်းကျန်းသူများအား မိမိကိုယ်ကို ခုခံပိုင်ခွင့်နှင့်အညီ ပြန်လည်တုံ့ပြန် ပစ်ခတ်သွားမည်ဖြစ်သဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသော နေရာများတွင်သာ နေထိုင်ကြပါရန်” လိုက်လံကြေညာခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများအတွင်းတွင် ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းက လိုက်လံကြေညာခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ကြေညာပြီးနောက် အနီးတဝိုက်ရှိ ကျေးရွာများဖြစ်ကြသည့် မဒိန်၊ ခကွမ်၊ လဘန်နှင့် တန်ဘောင် ကျေးရွာများရှိ ဒေသခံပြည်သူများ ကြောက်လန့်ကာ နီးစပ်ရာ ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“တချို့တွေတော့ ထွက်ပြေးကြတယ်ဗျ။ မဒိန်ရွာကလည်း အများကြီးပြေးတယ်၊ ခကွမ်ရွာကလည်း ပြေးကြတယ်။ လဘန်ရွာကလည်း အများကြီးပဲ သွားသွားလာလာနဲ့ တွေ့နေရတယ်ဗျ။ ဒီကလူတွေ ထွက်ပြေးတာက ကျနော်တို့ ဒီဝိုင်းမော်မြို့နားတဝိုက်ပေါ့နော် မြို့ပေါ်ရပ်ကွက်ပေါ့၊ ကျနော်တို့ ဒီနှစ်ခြင်းဘုရား ကျောင်းဇုံနယ်ရုံးတို့၊ အသင်းတော်တို့၊ နီးစပ်ရာဆွေမျိုးတို့ဆီနဲ့ ဒီမြစ်ကြီးနားမြို့ကို ထွက်ပြေးတဲ့သူတွေလည်းရှိတယ်” ဟု ဝိုင်းမော်မြို့က ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ဇူလိုင်လကုန်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေက ဝိုင်းမော်မြို့နယ်ရှိ ခလရ ၅၈ တပ်ရင်းကို လာရောက်ပစ်ခတ်ခဲ့သည်။ ထို့နောက် ညစဉ်လိုလိုပင် ခလရ ၅၈ တပ်ရင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးအနား ကျေးရွာများအတွင်းရှိ နေအိမ်များ ပျက်စီးပြီး၊ အိမ်မွေးတိရိစ္ဆာန်များ ထိမှန်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ဩဂုတ်လ ၁၃ ရက်နေ့ ယမန်နေ့ကလည်း ဝူယန်ကျေးရွာက စျေးသည်အမျိုးသမီးတစ်ဦးကို ဝိုင်းမော်မြို့က စျေးဝယ်ပြီးအပြန် ခလရ ၅၈ တပ်ရင်းရှေ့အရောက်မှာ ပစ်သတ်ခံခဲ့ရပြီး သေဆုံးသူ၏အလောင်းကိုလည်း ပြန်မပေးခဲ့ဟု မိသားစုဝင်များက ပြောသည်။

“ပြီးတော့ ဟိုရက်တွေတုန်းကလို နေ့တိုင်းညတိုင်းလိုလို မြည်နေ တာဆိုတော့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ကျလာမလဲ မသိဘူး။ ရွာထဲမှာလည်း အမြှောက်ဆံတွေ ကျနေတာ တွေ့ရတယ်။ သေတဲ့သူတွေလည်းရှိပြီ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိပြီ။ နေအိမ်ထိတဲ့သူတွေလည်းရှိပြီ လက်နက်ကြီးကျည် မပေါက်ကွဲသေးတာလဲရှိတယ်။ ဘယ်တစ်ခါက ကိုယ့်အလှည့်ကျမလဲ ကိုယ့်ရွာအလှည့်ကျလာမလဲဆိုတာကို စိုးရိမ်တယ်။ စားမဝင် အိပ်မပျော်ဖြစ်နေတာတော့ အားလုံးမှာဖြစ်နေတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ခလရ ၅၈ တပ်ရင်းက ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း RoE အရ မိမိကိုယ်ကို ခုခံပိုင်ခွင့်နှင့်အညီ ပြန်လည်တုန့်ပြန် ပစ်ခတ်သွားမည်ဖြစ်ကြောင်း‌ မကြေညာခင်ကတည်းက အထက်ပါဖြစ်စဉ်များ ကျူးလွန်ခံနေကြရခြင်းဖြစ်ရာ ယခုခါ ပိုမိုထိတ်လန့်စိုးရိမ်နေကြပြီး ကျေးရွာများကိုပါ စွန့်ခွာထွက်ပြေးသည့် အဆင့်ဖြစ်လာရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“လတ်တလောက ဒီဖြစ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ ကြောက်ရွံ့မှုကတော့ အရမ်းမြင့်မားတယ်လို့မြင်ရတယ်။ ကျနော်တို့ကိုယ်တိုင် အရမ်းစိုးရိမ်တယ်။ ဒါပေမယ့် စိုးရိမ်ရင်လည်း ကိုယ့်ရဲ့အိုးအိမ်ကို ပစ်သွားဖို့ကလည်း ခက်တာကြောင့် နေနေရတာဖြစ်တယ်။”

ဩဂုတ်လ ၉ ရက်နေ့ ည ၁၂ နာရီအချိန်ကလည်း ဝိုင်းမော်မြို့ရှိ ဘူးဂါးလျှစ်စစ်ရုံးဝန်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIA တို့အကြား ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်သာမက ရှမ်းမြောက်ဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ်အချို့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...