မြိတ်ခရိုင်တွင် ဗုံးသုံးလုံးပေါက်၊ လူတစ်ဦး ဒဏ်ရာရ

မြိတ်ခရိုင်တွင် ဗုံးသုံးလုံးပေါက်၊ လူတစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၊ ကဒဲကျေးရွာအုပ်စုအတွင်း ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ လူနေအိမ်တစ်လုံးပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရွာသားများက ပြောသည်။

"ဗုံးကွဲပေါက်သံက အကျယ်ကြီးပဲ၊ သုံးချက်ဆက်တိုက်ကြားရတယ်၊ ရွာထဲက အိမ်တစ်လုံးနဲ့ ရွာစွန်က အိမ်တစ်လုံး နှစ်နေရာမှာ ပေါက်ကွဲခဲ့တာ လက်လုပ်ဗုံးတွေလို့ ကြားရတယ်" ဟု အသက် ၅၀ အရွယ်ခန့် ဒေသခံရွာသားတစ်ဦးက ပြောသည်။

ပုလောမြို့နယ်၊ ကဒဲကျေးရွာအုပ်စု၊ ပဝတ်ကုန်းကျေးရွာတွင် သြဂုတ်လ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က ဗုံးသုံးလုံး ဆက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းနေထိုင်နေသည့်  စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမျိုးသက်၏ အိမ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ ဗုံးပေါက်ကွဲပြီးနောက် ည ၁၁ နာရီကျော်အချိန်ခန့်တွင် ရွာထဲသို့ အရေးပေါ်လူနာတင်ကားတစ်စီး ရောက်လာကာ အဆိုပါလူနာကို သယ်ဆောင်သွားသည်ဟု မျက်မြင်ရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုအား မည်သည့်အဖွဲ့မှ လာရောက်ဖောက်ခွဲခဲ့သည်ကို မသိရသေးသော်လည်း ယင်းပေါက်ကွဲမှုကြောင့် ဒေသခံရွာသားတစ်ဦးကို သြဂုတ်လ ၁၁ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် စစ်ဆေးမေးမြန်းစရာများရှိသည်ဟုဆိုကာ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီအဖွဲ့ဝင်များ ခေါ်ဆောင်သွားသည့်သူမှာ ပဝတ်ကုန်းရွာသား ပန်းပဲလုပ်ကိုင်နေသူ ဦးမြင့်ကြွယ်ဖြစ်ပြီး ၎င်းသည် အလင်းဝင်ထားသည့် ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ဦးမြင့်ကြွယ်သည် ယနေ့အချိန်ထိ နေအိမ်ပြန်မရောက်သေးကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

ပဝတ်ကုန်းကျေးရွာသည် ပုလောမြို့အနီးတွင်ရှိပြီး ထားဝယ်-မြိတ် လမ်းမကြီးပေါ်တွင် တည်ရှိသည်။

အိမ်ခြေ ၂၀၀ နီးပါးရှိကာ အများစုမှာ ရော်ဘာနှင့် ဥယျာဉ်ခြံမြေလုပ်သူကိုင်ကြသူများ ဖြစ်သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...