ခရီးသည်မရှိသောကြောင့် အဝေးပြေးကားများ ကုန်ပစ္စည်းသာ တင်ဆောင်နေရ

ခရီးသည်မရှိသောကြောင့် အဝေးပြေးကားများ ကုန်ပစ္စည်းသာ တင်ဆောင်နေရ

မွန်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့ကို Stay at Home သတ်မှတ်ထားပြီးနောက် အဝေးပြေးယာဉ်လိုင်းများ လက်မှတ်မရောင်းရတော့ဘဲ ကုန်ပစ္စည်းသာတင်ပို့နေရကြောင်း သိရသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီးနောက် ခရီးသွားလာမှုနည်းပါးလာကာ ကုန်ပစ္စည်းများသာ အဓိကတင်ဆောင်နေရကြောင်း ရွှေနဒီ Aircon Express ယာဉ်လိုင်း တာဝန်ရှိသူက ပြောသည်။

"လက်ရှိ ခရီးသည်တွေက မသွားရဲကြ‌တော့ဘူးလေ။ ခရီးသည်လည်းမရဘူး လက်မှတ်ရောင်းရင်လည်း မရဘူး။ ကုန်ပစ္စည်းပဲရတယ်။ ကျွန်တော်တို့ ရွှေနဒီယာဉ်လိုင်းကတော့ ကုန်ပစ္စည်းနဲ့ပဲ သွားနေတယ်" ဟု ၎င်းကပြောသည်။

ရန်ကုန်အပါအဝင် အခြားမြိုနယ်များကလည်း ဝင်ရောက်ခွင့်စိစစ်ကာ ပိတ်ထားခြင်း၊ Quarantine ထားခြင်းများ ရှိနေသည့်အခြေအနေဖြစ်ကြောင်း၊ ထို့ကြောင့် အဝေးပြေးကားများဖြင့် ခရီးသွားလာမှုနည်းပါးလာပြီး ကုန်ပစ္စည်းသာ အဓိကတင်ပို့နေရကြောင်း ၄င်းက ဆက်ပြောသည်။

မော်လမြိုင်-ရန်ကုန် ယာဉ်လိုင်းတစ်ခုက "ကျွန်တော်တို့ကတော့ ကားတွေကတော့ ပြေးနေတုန်းပဲ။ အချိန်မှန်ထွက်နေတုန်းပေါ့။ ခရီးသည်ကတော့ မရတာပါ။ ကုန်ပစ္စည်းတွေပဲရတယ်။ ခရီးသွားလာမှုမရှိတော့ ခရီးသည်မရတဲ့အခြေအနေ ဖြစ်နေတာပါ" ဟု ပြောသည်။

‌ထို့အတူ မော်လမြိုင် မြေနီကုန်းကားဝင်းရှိ အဝေးပြေးယာဉ်လိုင်းများ ယခင်အတိုင်း ပုံမှန်ပြေးဆွဲနေသော်လည်း ခရီးသည်မရှိသည့်အတွက် ကုန်ပစ္စည်းသာ ပိူ့ဆောင်ပြေးဆွဲနေရကြောင်း ၄င်းက ဆက်ပြောသည်။

သို့ရာတွင် မွန်ပြည်နယ် ယာဉ်လိုင်းကြီးကြပ်ရေးကော်မတီကို ခရီးသည်တင်ခွင့်မပြုဘဲ ကုန်ပစ္စည်းသာ တင်ဆောင်ခွင့်ပြုမည်ဆိုသောစာနှင့်ပတ်သက်ပြီး မွန်သတင်းအေဂျင်စီကမေးမြန်းရာတွင် "ကားလိုင်းတွေကိုတော့ ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ထားတာမရှိဘူး" ဟု ပြောသည်။

May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...