ကျောင်းဆရာမတစ်ဦး၏ရုပ်အလောင်းကို ကျိုက်မရောမြို့နယ် မာကာလာတံတားအနီး ချောင်းထဲတွင်တွေ့ရှိ

ကျောင်းဆရာမတစ်ဦး၏ရုပ်အလောင်းကို ကျိုက်မရောမြို့နယ် မာကာလာတံတားအနီး ချောင်းထဲတွင်တွေ့ရှိ

ယမန်နေ့က ပျောက်ဆုံးနေသော မုဒုံမြို့နယ်က ကျောင်းဆရာမတစ်ဦး၏ အသက်သေဆုံးလျက်ရှိသည့် ရုပ်အလောင်းကို ကျိုက်မရောမြို့နယ် မာကာလာတံတားအနီး ချောင်းထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ကျိုက်မရောမြို့နယ် အံကရဲကျေးရွာတွင် တာဝန်ထမ်းဆောင်နေသူ အသက် ၂၆ နှစ်အရွယ် ကျောင်းဆရာမ မပွင့်သဇင်ဦးသည် မုဒုံမြို့၊ မုဒုံကြီးရပ်ကွက်၌ နေထိုင်သူဖြစ်ပြီး ယမန်နေ့ နေ့လယ် ၂ နာရီခန့်အချိန်က အဆက်သွယ်ပျက် ပျောက်ဆုံးခဲ့ကာ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ကျိုက်မရောမြို့နယ် မာကာလာတံတားအနီးရှိ ချောင်းထဲ၌ အသက်သေဆုံးလျှက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

"ကျနော်တို့ကို လူပျောက်ရှာပေးဖို့ အကူညီလှမ်းတောင်းတာ ညနေ ၆ နာရီလောက်ကပါ။ ကျနော်တို့စုံစမ်းတော့ မာကာလာတံတားအနီးမှာ ဆရာမတွေသုံးတဲ့ ဆွဲခြင်းနဲ့ထမင်းချိုင့်ကို တံတားပေါ်မှာတွေ့တာ။ အဲ့ဒါနဲ့ ကျနော်တို့အဖွဲ့တွေ ရှာဖွေရေးလုပ်ငန်းတွေလုပ်တာပေါ့၊ ညတုန်းက မတွေ့ခဲ့ဘူး။ ဒီနေ့နံနက် ၈ နာရီလောက်မှာ အဲ့ဒီမာကာလာတံတားအနီး မလှမ်းမကမ်းမှာပဲ သေဆုံးလျက်တွေ့ရတာပါ" ဟု ကျိုက်မရောမြို့ လူငယ်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြပြီး သေဆုံးသူ၏ရုပ်အလောင်းကို ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါအနီးအနားရှိ ဒေသခံများအနေဖြင့် လူသတ်လုယက်မှုဟု သုံးသပ်နေကြပြီး သေဆုံးသူဆရာမ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် ဝတ်ဆင်ထားသည့် လက်ဝက်ရတနာများသည်လည်း ပျောက်ဆုံးလျက်ရှိသည်။

အလားတူ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက ပျောက်ဆုံးခဲ့သည့် မုဒုံမြို့နယ် ကော့ခပုံကျေးရွာမှ မူကြိုကျောင်းဆရာမ မအေးအေးမွန် (၂၈ နှစ်) ၏ အလောင်းအား ဘဲရမ်းကျေးရွာ ၄ ဧက ရေပေးဝေရေး မြောင်းအတွင်း တွေ့ရှိခဲ့သည့်ဖြစ်စဥ်ကိုလည်း သက်ဆိုင်ရာက လက်သည်တရားခံ ရှာဖွေနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...