Stay at Home မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ယာယီပိတ်ထား

Stay at Home မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ယာယီပိတ်ထား

မွန်ပြည်နယ်တွင် Stay at Home သတ်မှတ်ခံထားရသော မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယမန်နေ့ (ဇူလိုင်လ ၈ ရက်) မှစတင်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ပညာရေးဌာနတာဝန်ရှိသူများထံမှ သိရသည်။



သံဖြူဇရပ်မြို့နယ် ပညာရေးဝန်ထမ်းတစ်ဦးက “ဒီနေ့ကစပြီး ကျွန်တော်တို့မြို့နယ်အတွင်းမှာရှိတဲ့ ထက်၊ လယ်၊ မူ စာသင်ကျောင်းတွေအားလုံးကို ပိတ်မယ်လို့ ညွှန်ကြားလာတယ်။ ဒါပေမယ့် အတိအကျ စာထုတ်ပြန်ထားတာတော့ မရှိဘူး။ ကျောင်းပိတ်မှန်းမသိတဲ့ ကလေးတွေတော့ ကျောင်းတက်မိနေကြတာလည်းရှိတယ်” ဟု ပြောသည်။



သို့သော် Stay at Home မဟုတ်သည့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ဆက်လက်ဖွင့်ထားပြီး အထက်တန်းကျောင်းသား/ကျောင်းသူများအားလုံး ပုံမှန်နီးပါး တက်ရောက်နေကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။



သံဖြူဇရပ်မြို့မှ ကျောင်းသားမိဘတစ်ဦးက “အခုလို ပြန်ပိတ်လိုက်တာကလည်း ကောင်းပါတယ်။ ရောဂါအခြေအနေက စိုးရိမ်ရတဲ့အခြေအနေထိ ဖြစ်နေတယ်ဆိုတော့။ ဒါပေမယ့် မိဘတစ်ယောက်နေနဲ့ ကလေးတွေရဲ့ပညာရေးကို စိတ်ပူမိတာအမှန်ပဲ။ ကလေးတွေ ပြန်ပြီးလေလွင့်သွားမှာလည်း စိုးရိမ်တယ်၊ စာနဲ့ မဝေးရအောင်လည်း အွန်လိုင်းပေါ်သင်ကြားတာတွေကို လေ့လာစေချင်တယ်” ဟု ဆိုသည်။



အလားတူ ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအားလုံး ဇူလိုင်လ ၇ ရက်နေ့မှစ၍ ဇူလိုင်လ ၁၆ ရက်နေ့အထိ ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားစာထုတ်ပြန်ထားသည်။



ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်တိုက်မြင့်တက်နေခြင်းကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၃ ခု Stay at Home အကျုံးဝင်ကြောင်း မနေ့ည ၈ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး တစ်နိုင်လုံးအနေဖြင့် Stay at Home မြို့နယ်နှင့် ဒေသ ၄၅ ခုရှိလာပြီးဖြစ်ကြောင်း သိရသည်။



ဇူလိုင်လ ၈ ရက် နေ့လည်ပိုင်းအထိ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၀ နီးပါးအထိရှိလာပြီး အတည်ပြုလူနာ ၁၇၀၀ ကျော်ရှိလာပြီဖြစ်သည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...