ရေးမြို့နယ်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ဖွင့်လှစ်တော့မည်

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ဖွင့်လှစ်တော့မည်

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မကြာမီရက်ပိုင်းအတွင်း စစ်ဆေးရေးဂိတ် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်းသို့ ဖြတ်သန်းသွားလာဝင်ရောက်သည့် ယာဉ်နှင့်လူများအား ခရီးသွားမှတ်တမ်းရယူခြင်း၊ ကိုဗစ်ပိုးရှိမရှိ RTD kit ဖြင့်စစ်ဆေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် မော်လမြိုင်-ရေး-ထားဝယ် လမ်းမကြီးတစ်နေရာတွင် ဂိတ်တစ်နေရာပြုလုပ်၍ စစ်ဆေးရန် ရည်ရွယ်ထားကြောင်း ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ဆိုသည်။

“အခုက စီစဉ်နေဆဲပဲရှိသေးတယ်ဆိုတော ထွေထွေထူးထူး ဆုံးဖြတ်ထားတာတော့ မရှိသေးပါဘူး။ အဖွဲ့အစည်းစုံ လူပေါင်းစုံနဲ့ တိုင်ပင်နေရတော့ နည်းနည်းတော့ အခက်အခဲလေးတွေရှိတယ်၊ အဓိကက ကူးစက်မှုတွေလည်း ဆက်တိုက်ရှိနေတော့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ အတူကြိုးစားနေကြတယ်” ဟု ဦးကိုကိုဦးက ပြောသည်။

ရေးမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၃၅ ဦးရှိရာမှ မော်လမြိုင်ဆေးရုံကြီးသို့ ၉ ဦးပို့ဆောင်ထားပြီး ကျန်ရှိနေသူများကို ရေးမြို့ CBFQ Center နှင့် ရေးဆေးရုံကြီးတွင် ကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်ကူးစက်မှု မြင့်တက်နေခြင်းကြောင့် ရေးမြို့နယ် အံဒင်ကျေးရွာရှိ မွန်အမျိုးသားအထက်တန်းကျောင်း ဘော်ဒါဆောင်နေထိုင်သည့် ကျောင်းသားများကို Stay at Home သတ်မှတ်၍ သီးသန့်သင်ကြားပေးပြီး ရပ်/ရွာအတွင်းနေထိုင်သည့် ကျောင်းသားများအနေဖြင့် မိမိနေအိမ်အသီးသီးတို့တွင် Home Based Learning သင်ယူမှုပြုလုပ်ထားကြောင်း မွန်အမျိုးသားပညာရေးကော်မတီမှ သိရသည်။

မွန်အမျိုးသားပညာရေးကော်မတီ MNEC အဖွဲ့ ဆရာမင်းဇေက “အံဒင်အထကမှာက ဘော်ဒါဆောင်ကျောင်းလည်းဖြစ်နေတော့ အပြင်လုံးဝထွက်ခွင့်မပေးပါဘူး၊ စာသင်ကျောင်းတချို့ ခေတ္တပိတ်ထားရတာမျိုးရှိရင်လည်း ခလေးတွေရဲ့ ပညာသင်ကြားရေး ပိတ်မသွားစေဖို့ ကျောင်းသားမိဘတွေနဲ့ ဆရာတွေကို တိုက်တွန်းလိုပါတယ်၊ အိမ်ကနေ သင်ကြားပေးနိုင်တဲ့ Home Based Learning စနစ်မျိုးကိုလည်း သင်တန်းပေးထားပါတယ်” ဟု ဆိုသည်။

မွန်ပြည်နယ်တစ်ခုလုံးအနေဖြင့် ဇွန်လ ၆ ရက်အထိ ကိုဗစ်ကူးစက်သူ ၁၁၀၀ ကျော်နှင့် ယနေ့နေ့လည်ပိုင်းအထိ သေဆုံးသူ ၃၆ ဦးအထိရှိပြီး မော်လမြိုင် ၁၀ မြို့နယ်ဆောင်တွင် အနံ့ပျောက် လာရောက်စစ်ဆေးသူများ၏ ၈၀ ရာခိုင်နှုန်းခန့်တွင် ကိုဗစ် positive တွေ့ရှိနေကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်တို့ကို Stay at home အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက MRTV မှတဆင့် ယနေ့ညပိုင်းသတင်း၌ ကြေညာခဲ့ပြီး မနက်ဖန် နံနက်စောစော (၄) နာရီအချိန်တွင် စတင်မည်ဟု သိရသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...