ကင်းမကျေးရွာမီးလောင်မှုတွင် အဘိုးအဖွား ၄ ဦးမီးထဲပါသေဆုံး

ကင်းမကျေးရွာမီးလောင်မှုတွင် အဘိုးအဖွား ၄ ဦးမီးထဲပါသေဆုံး

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကင်းမကျေးရွာ မီးလောင်မှုတွင် သက်ကြီးအဘိုး အဖွားလေးဦးပါ မီးလောင်ကျွမ်းခံရ၍ သေဆုံးသွားခဲ့သည်ဟု သူတို့၏ ကျန်ရစ်သူဆွေမျိုးသားချင်းများအပြောအရ သိရသည်။

"မီးထဲပါသွားတဲ့ အဘိုးအဖွားက ကျွန်တော့ရဲ့ အဘိုးအဖွားတွေပါ၊ ဦးမြမောင်နဲ့ ဒေါ်ကြီးမိန်ပါ....၊ နောက်တစ်ယောက် ဒေါ်စိန်ကြည်ပါ၊အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးလေးဦး ပါသွားတာပါ" ကင်းမကျေးရွာသား လူငယ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။  

အဘိုးအဖွားလေးဦးလုံးသည် အသက် ၇၀ ကျော်အရွယ်များဖြစ်ကြပြီး နာမကျန်းဖြစ်၍ အိပ်ယာထဲလဲနေသူများဖြစ်ကြသည်။

ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းတွင် ကင်းမကျေးရွာသို့ လက်နက်ကိုင်ဆောင်ထားသော အရပ်ဝတ်ရဲများ ဆိုင်ကယ်ရှစ်စီးဖြင့် လာရောက်ခဲ့ကြသလို ကင်းမရွာဘက်သွားသော တခြားလမ်းတစ်လမ်းကလည်း စစ်ထရပ်ကားသုံးစီးဖြင့် စစ်သားများလာရောက်ခဲ့ကြရာ သတင်းရ၍ တိမ်းရှောင်နိုင်သူ ကျေးရွာသားများ ဘေးလွတ်ရာတောထဲသို့ ပြေးကြချိန်တွင် သက်ကြီးရွယ်အိုပုဂ္ဂိုလ်များ ကျန်ရစ်ကြသည်။

ရွာအပြင်ဘက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက ရွာ၏ အရှေ့တောင်ဆုံးဘက်အိမ်ကို စတင်မီးတိုက်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင်တော့ အိမ်ခြေ ၃၁၀ ရှိသော ကင်းမကျေးရွာတွင် အိမ်ခြေတစ်ဒါဇင်ကျော်ကျော်ကလွဲ၍ ကျန်အိမ်များ မီးလောင်ပြာကျသွားခဲ့သည်ကို တွေ့ရသည်။

 
 

 

 

August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...