ဂျီ ၇ ထုတ်ပြန်ချက်မှာ ဘက်လိုက်ပြီး လွဲမှားနေဟု အကြမ်းဖက်စစ်ကောင်စီ စွပ်စွဲ

ဂျီ ၇ ထုတ်ပြန်ချက်မှာ ဘက်လိုက်ပြီး လွဲမှားနေဟု အကြမ်းဖက်စစ်ကောင်စီ စွပ်စွဲ

စက်မှုထိပ်သီး ဂျီ ၇ အုပ်စု၏ ထိပ်သီးအစည်းအဝေး ကြေညာချက်အပေါ် မြန်မာအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ပြန်လည်တုံ့ပြန်ခဲ့ပြီး အဆိုပါ ဂျီ ၇ အုပ်စုနိုင်ငံများမှ ခေါင်းဆောင်များ၏ ကြေညာချက်သည် ‘လုပ်ကြံဖန်တီးထားပြီး ဘက်လိုက်မှုရှိသည့် သတင်းအချက်အလက်များ’ ကို အခြေပြုထားကြောင်း အာဏာသိမ်းစစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီးဌာနက စွပ်စွဲထုတ်ပြန်သွားခဲ့သည်။

ထို့ပြင် အဆိုပါ နိုင်ငံခြားရေး၀န်ကြီးဌာန၏ ထုတ်ပြန်‌ဖော်ပြချက်ထဲတွင် စစ်တပ်အနေဖြင့် ဖေဖေါ်၀ါရီ ၁ ရက်တွင် အာဏာသိမ်းမှု လုပ်ဆောင်ခဲ့ခြင်း မရှိပါဟုလည်း ငြင်းဆိုထားခဲ့သည်။

“မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်လို့ တိကျမှန်ကန်မှုမရှိဘဲ တစ်ဖက်သတ်ဖြစ်နေတဲ့ အမြင်သဘောထားတွေအပေါ် ၀န်ကြီးဌာနဘက်က အပြင်းအထန် ကန့်ကွက်ပါတယ်” ဟုလည်း စစ်ကောင်စီ၏ နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောခဲ့သည်။

စက်မှုထိပ်သီး ဂျီ ၇ ခေါင်းဆောင်များသည် ထိပ်သီးအစည်းအဝေး ကြေညာစာတမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပြီး ယင်းတွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုတို့အပေါ် အပြင်းထန်ဆုံးအသုံးအနှုန်းများဖြင့် ပြစ်တင်ရှုတ်ချထားခဲ့သည်။

“ဂျီ ၇ နိုင်ငံတွေအနေနဲ့ တည်ငြိမ်မှုရှိပြီး အလုံးစုံပါ၀င်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအတွက် ငြိမ်းချမ်းစွာ ထောက်ခံလုပ်ဆောင်နေသူတွေကို ဆက်လက် ကူညီထောက်ပံ့သွားဖို့ ကတိပြုပါတယ်” ဟု အဆိုပါ စက်မှုထိပ်သီးနိုင်ငံများအုပ်စုက ပြောခဲ့သည်။

ထို့ပြင် ဂျီ ၇ အစိုးရများအနေဖြင့် လိုအပ်ပါက ထပ်တိုးဆောင်ရွက်ချက်များ ဆက်လုပ်သွားမည်ဖြစ်ကြောင်းပြောခဲ့သလို ယင်းသည် အာဏာသိမ်းစစ်အုပ်စုအပေါ် ထပ်တိုးအရေးယူပိတ်ဆို့မှုများ လုပ်နိုင်ကြောင်း အရိပ်အမြွက်ပြသွားခဲ့ခြင်းလည်းဖြစ်သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...