မြန်မာအခြေအနေ စိတ်ပျက်စရာကောင်းအောင် တိုးတက်မှုနှေးကွေးနေဟု အာဆီယံ၀န်ကြီးများပြော

မြန်မာအခြေအနေ စိတ်ပျက်စရာကောင်းအောင် တိုးတက်မှုနှေးကွေးနေဟု အာဆီယံ၀န်ကြီးများပြော

တိုးတက်မှု အလွန်တရာနှေးကွေးနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများအပေါ် စိတ်ပျက်မိကြောင်း မြန်မာ့အရေး ကြား၀င်ဆောင်ရွက်ပေးနေသည့် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများက ဇွန်လ ၇ ရက်တွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ယင်းအတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရေးနှင့် သဘောတူထားသည့် နိုင်ငံရေးဆွေးနွေးမှုများ စတင်ရေးအတွက် အာဆီယံ၀န်ကြီးများက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များကို ဖိအားပေးတိုက်တွန်းသွားခဲ့သည်။

မြန်မာနိုင်ငံကို လက်ရှိအကျပ်အတည်းကနေ ရုန်းထွက်နိုင်ရေး နည်းလမ်းတစ်ခုရှာဖွေရန် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ ကြိုးပမ်းအားထုတ်မှုကို ကုလသမဂ္ဂ၊ အနောက်နိုင်ငံများနှင့် တရုတ်တို့က ထောက်ခံထားသည်။

စစ်မှန်သော အပြန်အလှန်ဆွေးနွေးမှု၊ ညှိနှိုင်းဆွေးနွေးမှုနှင့် ပြန်လည်ရင်ကြား‌စေ့မှုအတွက် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်သူများကိုယ်တိုင်က စစ်မှန်သည့် စိတ်ဆန္ဒတစ်ခုရှိမှသာလျင် အာဆီယံ၏ သံတမန်အားထုတ်မှုများ အဓိပ္ပါယ်ရှိလာလိမ့်မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောသွားခဲ့သည်။

“အရိုးသားဆုံးပြောရရင် ခုချိန်အထိ အရမ်းအရမ်းကိုနှေးကွေးနေတဲ့ တိုးတက်မှုအခြေအနေနဲ့ပတ်သက်လို့ ကျွန်တော်တို့ အင်မတန် စိတ်ပျက်ရပါတယ်” ဟု ၎င်းက တရုတ်နိုင်ငံ ချုံချင်းမြို့ကနေတဆင့် စင်္ကာပူမီဒီယာတစ်ခုကို ပြောခဲ့သည်။

၎င်းအပါအ၀င် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများသည် ဇွန်လ ၇ ရက်က တရုတ်နိုင်ငံခြားရေး၀န်ကြီးနှင့်‌ တွေ့ဆုံဆွေး‌နွေးခဲ့ကြသည်။

အလားတူ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တ်နိုမာဆူဒီကလည်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ရာတွင် “ဒီအစည်းအဝေးပြီးရင် ဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်စေအောင် တွန်းအားပေးမှုတွေလုပ်ဖို့အတွက် အင်ဒိုနီးရှားဘက်က တကယ်ပဲ မျှော်လင့်နေပါတယ်” ဟု ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဟီရှမ်မူဒင်ဟူစိန်ကလည်း ဘုံသဘောတူညီချက်များနှင့်ပတ်သက်၍ တိုးတက်မှုသည် စိတ်ပျက်စရာကောင်းလောက်အောင် နှေးကွေးနေသည်ကို အာဆီယံအနေဖြင့် ၀န်ခံရလိမ့်မည်ဟု ပြောခဲ့သည်။

“အာဆီယံရဲ့ နောက်ထပ်လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်မျှော်နေကြပါတယ်” ဟုလည်း ၎င်းကပြောခဲ့သည်။

တင်းမာမှုများလျှော့ချရေးနှင့် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် အာဆီယံအနေဖြင့် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရလိမ့်မည်ဟုလည်း ၎င်းက ပြောသွားခဲ့သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...