ဖမ်းဆီးခံလူငယ် ၅ ဦးအား ပြန်မလွှတ်ပေးသည့်အတွက် စစ်ကောင်စီနှင့် အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြော

ဖမ်းဆီးခံလူငယ် ၅ ဦးအား ပြန်မလွှတ်ပေးသည့်အတွက် စစ်ကောင်စီနှင့် အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြော

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် မင်းတပ်မြို့မှ လူငယ် ၅ ဦးကို ယနေ့ မေလ ၁၂ ရက်နေ့၊ ၁၂ နာရီအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသည့်အတွက် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သွားပြီဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုလိုက်သည်။

မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီတို့ဘက်မှ တာဝန်ရှိသူတို့သည် ယနေ့နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ကောင်စီဘက်က ပလက်ဝမြို့နယ် ဆမီးမြို့မှ တပ်အင်အား ၂၀၀ ကျော်ပါရှိသော စစ်ကား ၁၇ စီးကို မင်းတပ်မြို့သို့ ဖြတ်သန်းခွင့်ပြုပြီးမှ ဖမ်းဆီးခံရသူများမှ ၄ ဦးကို လွှတ်ပေးမည်ဟု ပြောဆိုသည့်အတွက် သဘောတူညီချက်မရဘဲ ယခင်က သဘောတူထားသည့်အချက်များလည်း အကုန်ပျက်ပြယ်သွားပြီဟု အဆိုပါဆွေးနွေးပွဲတွင်ပါဝင်သူ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

“ကျနော်တို့ အရင်ပိုင်းက ဆွေးနွေးထားတာက ထောက်ပို့ဆိုပြီး ဆမီးကိုသွားတဲ့ စစ်ကား ၁၃ စီးရှိတယ်လေ၊ အဲဒီ ၁၃ စီးထွက်သွားရင် ဒီ ၅ ယောက်ကို လွှတ်ပေးမယ်ဆိုပြီး သဘောတူထားတာလေ၊ အဲဒါကို သူတို့ဆက်စွဲထားပြီး ဘာဆွေးနွေးလာလဲဆိုတော့ ၄ ယောက်ကိုပဲလွှတ်ပေးမယ်၊ တစ်ယောက်ကတော့ လူသတ်မှုဖြစ်တဲ့အတွက် မလွှတ်ပေးနိုင်ဘူးတဲ့၊ နောက်ပြီး အပေးအယူက ဆမီးကနေပြန်လာတဲ့ စစ်သား အယောက် ၂၀၀ ကျော်ပါတဲ့ စစ်ကား ၁၇ စီး မင်းတပ်ကို ဖြတ်သွားရမယ်တဲ့၊ ကျနော်တို့ဘက်ကတော့ ဒီအင်အားနဲ့ ကျနော်တို့မြို့ကို ဖြတ်သွားဖို့က လုံးဝခွင့်မပြုနိုင်ဘူး၊ ဒါ ကျနော်တို့ကို တမင်တကာ သက်သက်အကြပ်ကိုင်တာဖြစ်တယ်၊ လူ ၄ ယောက်ကိုလွှတ်ပေးမယ်၊ စစ်ကား ၁၇ စီး စစ်သားအယောက် ၂၀၀ ဖြတ်သွားမယ်ဆိုတာက အပေးအယူတအားကြီးလွန်းတယ်၊ မဖြစ်နိုင်ဘူး၊ လူအယောက် ၂၀၀ မင်းတပ်မှာတပ်စွဲသွားရင် ဘယ်လိုလုပ်မလဲ ဒါကြောင့် လောလောဆယ်တော့ သူတို့နဲ့ သဘောတူထားတဲ့ အပစ်ရပ်စဲမှုကတော့ ပျက်ပြယ်သွားပြီ" ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီနှင့် မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အကြား သဘောတူညီချက်များ ပျက်ပြယ်သွားသည့်အတွက် မင်းတပ်မြို့တွင် အချိန်မရွေး ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများအနေဖြင့် အိမ်တွင်း၌သာနေကြရန်နှင့် ၂၇၄ တပ်၊ စုပေါင်းရုံး၊ ရဲစခန်း အစသည့်နေရာများအနီးတွင် သွားလာခြင်းကိုရှောင်ရှားကြရန် မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၂၄၊ ၂၆၊ ၂၇ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ အနည်းဆုံး အယောက် (၂၀) ခန့် သေဆုံးမှုရှိခဲ့သည်။

ထို့နောက် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကာ ယာယီအပစ်ခတ်ရပ်စဲထားကြခြင်းဖြစ်သည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...