စစ်ကောင်စီမှဖမ်းဆီးပြီးနောက် သေဆုံးခဲ့သည့် Pu Tler Ling အလောင်းအား မီးရှို့လိုက်ပြီဟု မိသားစုဝင်များထံ အကြောင်းပြန်

စစ်ကောင်စီမှဖမ်းဆီးပြီးနောက် သေဆုံးခဲ့သည့် Pu Tler Ling အလောင်းအား မီးရှို့လိုက်ပြီဟု မိသားစုဝင်များထံ အကြောင်းပြန်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီမှ မေလ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် သေဆုံးခဲ့သည့် Pu Tler Ling (၅၇) နှစ်အား ကလေးမြို့သို့ ဆေးကုသဖို့ပို့ဆောင်ရာတွင် သေဆုံးခဲ့သဖြင့် ကလေးမြို့တွင်ပင် မီးရှို့သဂြိုလ်ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီမှ မိသားစုဝင်များထံသို့ အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

“စစ်တပ်ကနေပြီးတော့ သူတို့စဖမ်းကတည်းက နေမကောင်းဘူး၊ စခန်းရောက်တော့လည်း မထနိုင်ဘူးလို့ပြောတယ်၊ ကလေးမှာကုပေးမယ်ဆိုပြီး ပို့ပေးနေတုန်း လမ်းမှာဆုံးသွားလို့ ကလေးမှာဘဲ မီးရှို့လိုက်တယ်လို့ပြောတယ်၊ ဖမ်းတုန်းကတည်းက တောင်ဝှေးနဲ့ လမ်းလျှောက်တာလို့ သူတို့ပြောတယ်၊ တစ်ကယ်က တောင်ဝှေးလည်း တစ်ခါမှမသုံးဘူး၊ အရမ်းကျန်းမာတာ၊ ကျနော်သိသလောက်က ကလေးမြို့ကိုတောင် မခေါ်သွားလောက်ဘူး၊ သူ့အလောင်းလည်း ဟားခါးမှာဘဲရှိမှာ” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

Pu Tler Ling မှာ လက်နက်ကိုင်လူငယ်အဖွဲ့များနဲ့ အဆက်သွယ်ရှိသည်ဟု သတင်းရရှိထားသောကြောင့် ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီဖက်မှ အကြောင်းပြန်ခဲ့သော်လည်း အခြေအမြစ်မရှိသော စွတ်စွဲပြောဆိုချက်သာဖြစ်နိုင်ကြောင်း ဟားခါးမြို့ခံတစ်ချို့မှ ပြောသည်။

ထို့ပြင် Pu Tler Ling အား ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် အလွန်အကျူး ရိုက်နှက်ခံခဲ့ရသဖြင့် လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ပဲ စစ်ကားပေါ်သို့ စစ်သားအချို့မှ ထမ်းတင်ခဲ့ရသည်ကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူအချို့ထံမှ သိရသည်။

စစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီးမှုကြောင့် သေဆုံးသွားခဲ့ရသည့် Pu Tler Ling ၏ အလောင်းမှာ မိသားစုဝင်များထံ ပြန်မရောက်သဖြင့် မည်ကဲ့သို့ ဆက်လက်စီစဉ်မည်ကို ဆွေးနွေးတိုင်ပင်နေဆဲဖြစ်ကြောင်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...