DMG သတင်းထောက်နှစ်ဦးကို ၅၀၅ (က) ပုဒ်မဖြင့် စစ်တွေမြို့နယ်တရားရုံးမှ ဆင့်ခေါ်

DMG သတင်းထောက်နှစ်ဦးကို ၅၀၅ (က) ပုဒ်မဖြင့် စစ်တွေမြို့နယ်တရားရုံးမှ ဆင့်ခေါ်

အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် Development Media Group (DMG) သတင်းဌာနမှ သတင်းထောက်နှစ်ဦးအား မနေ့က မေလ ၁၀ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ ဆင့်ခေါ်ခဲ့ကြောင်း DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ပြောသည်။

“အရင်ကတော့ သူတို့နှစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့စွဲတယ်။ စွဲတယ်ဆိုတော့ ပထမဆုံးအနေနဲ့ အာမခံလည်း ယူလို့ရတယ်ပေါ့။ ဒုတိယကတော့ တပ်မတော်ကို အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ စွဲတယ်။ စစ်တပ်က တရားရုံးမှာ ဦးတိုက်လျှောက်ထားတာပေါ့။ တရားရုံးက ဆင့်ခေါ်တာလည်း ကြာနေပြီးထင်တယ်။ ကျွန်တော်တို့ရုံးကိုလည်း စာမရောက်ဘူး။ ကာယကံရှင်ဆီကိုလည်း မရောက်ဘူး။ ဆိုတော့ မနေ့က နံနက်ပိုင်းအချိန်လောက်ကပဲ သိရတယ်။ တရားရုံးက တိုက်ရိုက်ခေါ်လို့မရတဲ့အတွက် ရဲစခန်းကတစ်ဆင့် ခေါ်တာဖြစ်တယ်” ဟု ဦးအောင်မင်းဦးက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့က “ကျောက်တော်မြို့နယ် မာလကျေးရွာက စပါးတောင်း ၇၀၀ ကို တပ်မတော်သားများ ယူဆောင်သွားဟုဆို” သတင်းကို ရေးသားဖော်ပြခြင်းနှင့်ပတ်သက်ပြီး တပ်မတော်ကို အသရေဖျက်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် တပ်မတော်သား ဗိုလ်မှူးဘုန်းမြင့်ကျော်က စစ်တွေမြို့ရှိ အမှတ် (၂) နယ်မြေရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှူဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တပ်မတော်ကို အကြည်အညိုပျက်စေမှုပုဒ်မဖြင့် စစ်တွေမြို့နယ်တရားရုံးမှာ ဗိုလ်မှူးဘုန်းမြင့်ကျော်က ထပ်မံဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူများမှာ DMG သတင်းဌာနမှ ဒု-တာဝန်ခံအယ်ဒီတာ နေဝင်းစံနှင့် သတင်းထောက် နှင်းနွယ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ တိမ်းရှောင်နေရကြောင်း သိရသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (က) တို့သည် မီဒီယာသမားများကို တရားစွဲဆိုသင့်သောပုဒ်မမဟုတ်ကြောင်း အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ပြောသည်။

“မီဒီယာသမားတွေကို အစိုးရကဖြစ်ဖြစ်၊ လွှတ်တော်မှဖြစ်ဖြစ် တရားဝင်အသိမှတ်ပြုထားတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) မှ တစ်ဆင့် တရားစွဲရမှာဖြစ်တယ်။ သတင်းမီဒီယာမှာဆိုရင်လည်း သတင်းမီဒီယာဥပဒေရှိတယ်။ ကျင့်ဝတ်တစ်ခုကို ချိုးဖောက်တယ်ဆိုရင်လည်း သတင်းမီဒီယာဥပဒေနဲ့ပဲ ပြစ်ဒဏ်ပေးသင့်တယ်။ တရားစွဲတဲ့အရာမှာလည်း သတင်းသမားတွေကို သတင်းမီဒီယာဥပဒေနဲ့ပဲ တရားစွဲသင့်တယ်။ လက်ရှိ တရားစွဲထားတဲ့အမှုဆိုရင်လည်း စစ်တပ်ကနေပြီး တိုက်ရိုက် တရားရုံးကို ဦးတိုက်လျှောက်တယ်။ မီဒီယာဥပဒေကမဟုတ်ဘဲ တခြားကြီးလေးတဲ့ပုဒ်မတွေနဲ့ တရားစွဲတာဟာ လုံးဝမဖြစ်သင့်” ဟု ပြောသည်။

သတင်းမီဒီယာများအပေါ် ထိုသို့ ကြီးမားသည့် ပုဒ်မကြီးဖြင့် တရားစွဲသည်မှာ ပြည်သူများအတွက် သတင်းအမှန်သိပိုင်ခွင့်ကို ချိုးဖောက်ရာရောက်ပြီး သတင်းသမားများနှင့် သတင်းဌာနများအပေါ် ခြိမ်းခြာက်ရာရောက်ကြောင် ၎င်းကဆက်လက်ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က DMG သတင်းဌာန၏ မောင်တောဒေသအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းမှာလည်း လမ်းတံတားဦးစီးဌာနက တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့်ခံခဲ့ရသည်။

၎င်းအပြင် ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့က DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း သတင်းတပ်ဖွဲ့ (SB) က တရားလိုပြုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားဆဲဖြစ်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) သည် အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဥပဒေဖွင့်ဆိုချက်တွင် ဖော်ပြထားသည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...