မွန်ညီညွတ်ရေး ပါတီ ဗဟို အလုပ်အမှုဆောင် သုံးပုံတစ်ပုံ နှုတ်ထွက်စာတင်

မွန်ညီညွတ်ရေး ပါတီ ဗဟို အလုပ်အမှုဆောင် သုံးပုံတစ်ပုံ နှုတ်ထွက်စာတင်

စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့်အပေါ် လက်မခံသည့် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် (CEC) သုံးပုံ တစ်ပုံကျော် ပါတီမှ နှုတ်ထွက်စာ တင်ထားသည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်များက ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၁ ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး ကွယ်လွန်သွားသူ နှင့် တာဝန်ပြောင်းလဲယူထားသူ အချို့တို့ကြောင့် လက်ရှိတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၈ ဦး ရှိ သည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၈ ဦးထဲတွင် စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည်ကို လက်မခံသည့် ပါတီဝင် ၂၀ ဦးတို့က ပါတီဗဟိုကို စာတင်ပြီး နှုတ်ထွက်ကြခြင်းသည်။

“အာဏာသိမ်း စစ်ကောင်စီနဲ့ MUP ပူးပေါင်းလိုက်ကြတယ်၊ ကျနော်တို့က ပူးပေါင်းလို့မရဘူး အဲဒါကြောင့် နှုတ် ထွက်တာ၊ CEC အားလုံး ၂၀ ဦး၊ နှုတ်ထွက်စာ တင်ထားတာနဲ့ ပတ်သက်ပြီးတော့ ပါတီဗဟိုကနေ တစ်စုံ တစ်ရာ အကြောင်းပြန်လာတာတော့ မရှိသေးဘူး” ဟု ပါတီမှ နှုတ်ထွက်ထားသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်စိုးမြင့် က ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် စစ်ကောင်စီတွင် ပါဝင်သွားရန် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ပါတီဗဟိုကော်တီဝင်အများစုတို့၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်ထားသည်။

စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီ ပါဝင်ခြင်းသည် ပါတီအခြေခံစည်းမျဉ်းနှင့်လည်း သွေဖယ်နေသည်ဆိုပြီး ပါတီဗဟိုအလုပ်အမှုဆောင်ပါတီဝင်များအပြင် ဗဟိုကော်မတီဝင်နှင့် ပါတီအများအပြားလည်း နှုတ်ထွက် ကြ သည်။

ပါတီဝင်များ နှုတ်ထွက်စာ တင်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့က ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီ အစည်းအဝေးတစ်ရပ်ကျင်းပြီး ဆွေးနွေးမှုပြုလုပ်ထားသော်လည်း လက်ရှိတွင် ထုတ်ဖော် မပြောကြားလိုသေးဘူးဟု ပါတီခေါင်းဆောင်က ပြောသည်။

“ပါတီကနေ နှုတ်ထွက်ကြမယ့်ကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ်ကတော့ ဘာမှမပြောလိုသေးဘူး၊ နှုတ် ထွက်စာ တင်ထားတဲ့ CEC ကတော့ ၁၉/၂၀ ဦး ရှိတယ်” ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာ ပါဝင် တာဝန်ယူထားသည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် ဆုံးဖြတ်ချက်သည်  ပြည်သူထု အကြား ဝေဖန်ပြောဆိုခံနေရသလို ပါတီတွင်းမှာလည်း လက်ခံသူနှင့် လက်မခံသူတို့အကြား သဘောထားကွဲလွဲ နေသည်။

ပါတီအနေနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လို သည့် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ကမ်းလှမ်းချက်ကို လက်ခံရန် ဆုံး ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောဆိုထားသည်။

March 4, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်ကော်မရှင်နှင့်...
February 26, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် အထက်အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိဘဲ...
February 25, 2026
ရှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း...
February 24, 2026
NCA လမ်းကြောင်းဖြင့် မလုံလောက်တော့ဘဲ သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လမ်းကြောင်းသစ်...