ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားနှင့် ဖားကန့်မြို့ က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လေးဂွ များဖြင့်ပစ်ခြင်း၊ အသံမြည်ဗုံး များဖြင့် ခြိမ်းခြောက်ပစ်ခတ်လူစုခွဲခဲ့သည့်အပြင် မျက်ရည်ယိုဗုံး ၄ လုံးခန့် ဖြင့် လည်း ပစ်ခတ်ခဲ့သည်။
မတ် ၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းကစတင်ပြီး သပိတ်စစ်ကြောင်းအသီးသီးကို လိုက်လံအကြမ်းဖက်ဖြိုခွင်းခဲ့ရာ မြစ်ကြီးနားမြို့က အထွေထွေ ပင်မသပိတ်စစ်ကြောင်းကို အောင်နန်းရပ်ကွက်၊ မြေမြင့်ရပ်ကွက်နှင့် ယုဇနရပ် ကွက်တို့ အနီး လိုက်လံဖြိုခွင်းခဲ့ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) အနီးတွင် အာဏာသိမ်းစစ်ကောင်စီ ၏ တပ်ဖွဲ့ဝင်များက အင်အားသုံး ဝင်ရောက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG က ရောက်ရှိလာပြီးနောက် ဆန္ဒပြပြည်သူများကို လမ်းများမပိတ်ဆို့ရန်နှင့် လူစုခွဲကြရန် လာရောက်ပြောဆိုခဲ့သည်။
“PCG ရောက်လာတယ်။ လမ်းမပိတ်ဖို့လာ ပြောတယ်၊ လူစုခွဲဖို့လည်း ပြောတယ်။ ခဲတွေနဲ့ မပစ်ဖို့ပြောတယ်။ ကျနော်တို့က မပစ်ဘူး။ ကျနော်တို့ကလည်း လမ်းပိတ်တာလည်း မဟုတ်ဘူး။ အဓိက က ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်တာ၊ အေးဆေးပဲ စီတန်းလှည့်လည်တာ ဒါကို သူတို့က အကြမ်းဖက်ဖြိုခွင်းလို့ အခုလိုမျိုး ကိုယ့်ကို ကိုယ် ကာကွယ်ဖို့ လမ်းတွေပိတ်တာဖြစ်တယ်။ သူတို့တက်လာတဲ့အတွက် အကာအကွယ်ယူလိုက်တာပါ” ဟု ဆန္ဒပြ လူငယ်တစ်ဦး က ပြောသည်။
မြစ်ကြီးနားမြို့ မြေမြင့်၊ ယုဇနနှင့်အောင်နန်းရပ်ကွက်တို့တွင် ဆန္ဒပြပြည်သူများက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်လာနိုင်သည့် လမ်းမနှင့် လမ်းကြိုလမ်း ကြားများကို ဝါးများ၊ ဆိုင်းဘုတ်များ၊ ကျောက်ခဲများဖြင့် တားပြီး လမ်းများကို ပိတ်ကာ လုံခြုံရေးအတွက် ပြင် ဆင်ထားသည်ကိုလည်း တွေ့ရသည်။
“ကျနော်တို့ မလုံခြုံလို့ အခုလိုလုပ်ရတာလေ။ သူတို့က သူတို့ကတိသူတို့မတည်လို့လေ။ ကျနော်တို့က ဘာမှ မ လုပ်လိုက်ရဘူး။ ဒီလိုအကာတွေလုပ်နေတာနဲ့၊ ကျနော်တို့ မြစ်ကြီးနားက ညနေဆိုလည်း ဆန္ဒပြတာမဟုတ်ဘူး။ ဒီမနက်ပိုင်းလေးပဲ၊ ၁၂ နာရီအထိပဲကို။ သူတို့က နောက်မဆုတ်ပဲ တောက်လျှောက်အရှေ့ကိုတက်တယ်။ သူတို့ က သူတို့ပြောတဲ့စကားအပေါ်မှာ တာဝန်မယူဘူး။ ကျနော်တို့က နောက်ကျောလုံလုံနဲ့မလျှောက်ရဘူး။ ပြန်ပြန် ကြည့် နေရတာ။ သပိတ်စစ်ကြောင်းက အရှေ့ကိုတိုးရမှာကိုး အခုက နောက်ပြန်ပြန်ဆုတ်နေရတာ” ဟု မြစ် ကြီးနားမြို့က ဆန္ဒပြပွဲတွင် ပါဝင်သူ ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် မြစ်ကြီးနားမြို့၊ မနောအားကစားကွင်းအနီးက နောင်ရာနေရာတွင် သပိတ်စစ်ကြောင်းတစ်ခု လူစတင် စုနေချိန် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖြိုခွင်းခြင်း၊ လေးဂွများဖြင့် ပစ် ခြင်းတို့ ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း၊ ထို့အပြင် ဆန္ဒပြည်သူများ၏ မော်တော်ဆိုင်ကယ် အချို့နှင့် ထိုင်ခုံများ၊ အခြားသော ပစ္စည်းများကိုလည်း သိမ်းဆည်းသွားသည်ဟု အဆိုပါနေရာကို ရောက်ရှိနေ သည့် ကချင် လူငယ်တစ်ဦး က ပြောသည်။
အလားတူ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများလည်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။
“ဖားကန့်မြို့လယ်မှာ နှစ်ဖက်ညှိပြီး ဖြိုခွဲနေတာပါ။ ဖားကန့်လမ်းဆုံမှာပါ။ ပန်းခြံပတ်ဝန်းကျင်မှာပါ။ အဲ့နား မှာက ပန်းခြံရော၊ ရဲစခန်းရော၊ KBZ ဘဏ်ရောရှိတယ်။ စစ်သားတွေရော ရဲတွေရောပါတယ်။ မျက်ရည်ယို ဗုံး တွေလည်း သုံးတယ်။ ရာဘာကျည်တွေနဲ့လည်း ဆက်တိုက်ပစ်တယ်။ ၁၀ ယောက်လောက် ဒဏ်ရာရတာရှိ တယ်လို့ ပြောလို့ရတယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ဖားကန့် ဒေသခံတစ်ဦး က ပြောသည်။
မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့တို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်ပြီး ယနေ့အချိန်ထိ တားဆီးပိတ်ဆို့မှုများ၊ အကြမ်းဖက်ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများ ရှိနေသည်ကြားက လမ်း လျှောက်သပိတ်စစ်ကြောင်းများ၊ ဆိုင်ကယ် ရွှေ့လျားသပိတ်စစ်ကြောင်းများဖြင့် လူငယ်များ၊ ဒေသခံပြည်သူ များ၊ CDM ဝန်ထမ်းများက ဆန္ဒထုတ်ဖော်နေကြခြင်း ဖြစ်သည်။
ယနေ့ပူတာအိုမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်လည်း အာဏာသိမ်း စစ် ကောင်စီ၏ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ခံပြီး လက်ရှိအချိန်ထိ ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။







