လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းခြင်းကို လုပ်ဆောင်နေသည့် စစ်တပ်နှင့်ရဲ တပ်ဖွဲ့များကို အကြမ်းဖက် သောင်း ကျန်းသူအဖွဲ့အဖြစ်နှင့် အာဏာသိမ်းယူထားသည့် စစ်ကောင်စီအား တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်သည် ဟု လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီမှ ပြောဆိုလိုက်သည်။
မတ်လ ၂ ရက်နေ့ (ယနေ့)တွင် လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီမှ ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ် ပြီး ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် “အရပ်သား အစိုးရထံမှ မတရားအာဏာသိမ်းယူထားသည့် စစ်ကောင်စီကို တရားမဝင် အဖွဲ့အစည်း အဖြစ် သတ်မှတ်သည်။အကြမ်းမဖက်သည့် နည်းလမ်းများဖြင့် ဆန္ဒထုတ်ဖော်နေ သော တနိုင်ငံလုံးရှိ ပြည်သူလူထု အားလုံးကို စစ်လက်နက်ဖြင့် အကြမ်းဖက် ဖြိုခွင်း နှိမ်နင်းခြင်းကို ပြုလုပ်နေ သည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အဖြစ် သတ်မှတ်သည်” ဟု ပြောဆိုထားသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း အကြမ်းဖက် ခံနေရသည့် လူထုများကို ကာ ကွယ်ပေးနိုင်အောင် ကြိုးစားလုပ်ဆောင်ပေးရန် လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီမှ ထုတ်ပြန်ချက် ထဲတွင် ထည့်သွင်း တောင်းဆိုထားသည်။
၎င်းတို့က “ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသည့် မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ ပြည်သူများကို လက် နက်အားကိုးဖြင့် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်/ရဲတပ်ဖွဲ့များကို ပြန်လည်တုန့်ပြန်နိုင်ရန်အတွက် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တပ်ပေါင်းစုအားဖြင့် ပြည်သူ၏ အသက်အန္တရာယ်များကို ကာ ကွယ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားရန် တောင်းဆိုသည်” ဟု ပြောသည်။
ထို့အတူ တရားဝင် နိုင်ငံခေါင်းဆောင်များဖြစ်သော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းအပြင် စစ်အာဏာ သိမ်းခြင်းမှုကို မလို လားသည့် ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုကို လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းသည့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအား ပြည်ထောင် စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က အကြမ်းဖက် အဖွဲ့အ စည်း အဖြင့် သတ်မှတ်ကြောင်း မတ်လ ၁ ရက်နေ့ (ယမန်နေ့) ကလည်း ထုတ်ပြန် ကြေညာထားသည်။
တဖက်တွင်လည်း အာဏာသိမ်းကောင်စီဖြစ်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီအား စင်ပြိုင် အစိုးရကို ဖြိုခွင်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ပြည်သူလူထုများကို အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းနေသည့် အာ ဏာသိမ်းစစ်ကောင်စီအား မတရားအသင်းအဖြင့် သတ်မှတ်ကြေညာကြောင်း ကရင်လူငယ် ကွန်ရက်အဖွဲ့က လည်း ထုတ်ပြန်ထားသည်။
လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီမှ ယနေ့ ထုတ်ပြန်ချက်ထဲတွင် အဆိုပါအချက်များအပါအဝင် အ ချက် ၅ ချက်ကို ထည့်သွင်းထုတ်ပြန်ထားပြီး တရားမဝင် အဖွဲ့အစည်းဖြစ်သော စစ်ကောင်စီနှင့် အကြမ်းဖက် သောင်းကျန်းသူ စစ်တပ်/ရဲတပ်ဖွဲ့အား International Court Of Justice (ICJ) တွင် အရေးယူမည့်အပေါ် ထောက်ခံကြိုဆိုသည်ဟု ဆိုသည်။
လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ အနေဖြင့် အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွင် CDM နှင့် ပြည်သူ လူထုအားလုံး၏ အခန်းကဏ္ဍမှ အလွန်အရေးကြီးသောကြောင့် မိမိတို့ ကော်မတီမှာ CDM ကို အပြည့် အ၀ ထောက်ခံ အားပေးကြောင်းနှင့် အလုံးစုံ ကူညီနိုင်သည့်ဘက်မှ အလုံးစုံ ကူညီထောက်ပံ့နိုင်အောင် အစွမ်းကုန် ဆက်လက် ကြိုးပမ်းသွားမည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ မတရားအာဏာသိမ်းခြင်းကို ၃ ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး စစ်အာဏာသိမ်းမှု ကာလတလျှောက်တွင်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူများကို စစ်လက်နက်များဖြင့် အကြမ်းဖက် နည်းလမ်းများ အသုံးပြု ဖြိုခွင်းခဲ့ရာ ယနေ့ အခင်းအကျင်းတွင်လည်း ၎င်းတို့ဘက်မှ စစ်လက် နက်ဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ရပြီး မတရားဖမ်းဆီး ထိန်းသိမ်းခံရသူ ၁၀၀၀ ကျော်ရှိပြီ ဖြစ်သည်ဟု လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီက ဆိုသည်။







