နစအက အုပ်ချုပ်ရေးကို KNU ခရိုင်များ လက်ခံမည်မဟုတ်

နစအက အုပ်ချုပ်ရေးကို KNU ခရိုင်များ လက်ခံမည်မဟုတ်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်လာမည့် အုပ်ချုပ်ရေး ဆိုင်ရာ ယန္တရားများကို လုံးဝလက်ခံမည် မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU  ထိန်းချုပ်သည့် ခရိုင်များက ပြောဆိုလိုက်သည်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၅ ဖာပွန်(မူတြော်ခရိုင်) နှင့် တပ်မ ဟာ ၆ ဒူးပလာယာခရိုင် မှ တာဝန်ရှိများက ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က “နံပါတ်တစ်အနေနဲ့ ဒီ အာဏသိမ်းစစ် ကောင်စီကျတော့ ဒါ နိုင်ငံတကာလည်းကန့်ကွက်တယ် ကျနော်တို့ တိုင်းသူပြည်သားတွေလည်း ကန့်ကွက်နေ တယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း အဲဒီလို စစ်အာဏာရှင်ပဲ ပြောပြော အာဏာရှင်ပဲ ပြောပြော ကျနော်တို့ က အဲလိုအာဏာရှင်စနစ်မျိုးကို တိုက်လာတာ နှစ် ၇၀ ကျော်ရှိပါပြီ ဒါကြောင့်မို့လို့ ကျနော်တို့ အနေနဲ့ကတော့ အဲဒီကိစ္စကတော့ အထူးပြောစရာ ဘာမှ မရှိပါဘူး။ အာဏာသိမ်းတဲ့ ကောင်စီကိုတော့ ကျနော်တို့က သူတို့ အုပ်ချုပ်ရေးကို ကျနော်တို့ နယ်မြေထဲမှာ လာမချဖို့ ဆိုတာကို ကျနော်တို့ရှင်းရှင်းလင်းလင်းကန့်ကွက်တာဖြစ် တယ်။” ဟု ပြောသည်။

ထို့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အုပ်ချုုပ်ရေး ယန္တယားများ လာရောက်ချထားပါကလည်း လက်ခံမည်မဟုတ်ဟု စောလစ္စတန် ကပြောသည်။

KNU တပ်မဟာ အသီးသီးရှိ ခရိုင်များ၏ ထုတ်ပြန်ချက်များသည် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟို၏ သဘောထား ရပ်တည်ချက်အပေါ်အခြေခံသည်ဟု KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ဆိုသည်။

စောလစ္စတန်က “ဗဟိုကတော့ ဘယ်လိုပြောမလဲ ဆိုတော့ သူက ခြုံငုံပြီးတော့ ၇ ခရိုင်စလုံးကို ခြုံငုံပြီးတော့ ထုတ်ပြန်ရတာ ဖြစ်တော့ ဒေသထဲက အသေးစိတ် အသေးစိတ်အချက်အလက်တွေကိုလည်း သူတို့တွေက အချိန်နဲ့ တစ်ပြေးညီ မရတဲ့ အနေအထားမျိုးလည်း ပြတ်တောက်တာပေါ့နော်။ ရှိတာပေါ့နော်။ အဲဒီအခါကျ တော့ သူတို့က ကျနော်တို့အပေါ်မှာ ခွင့်ပြုချက်ပေးထားတာ ဒေသအခြေအနေနဲ့ ဗဟိုက ထုတ်တဲ့ ထုတ်ပြန် ချက် ကိုလည်း ပယ်ဖျက်ခြင်းမရှိပဲ နောက်ပြီးဒေသရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ ထုတ်ပြန်နိုင်ပါ တယ် ဆိုတာမျိုးအခြေခံပြီးတော့ အဲဒီအပေါ်မှာ ကျနော်တို့သည် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

KNU တပ်မဟာ ၂ ၊ ၅ ၊ ၆ ရှိ ခရိုင်များ၏ ထုတ်ပြန်ချက်များထဲတွင် စစ်အာဏာသိမ်းပြီးနောက်ဆက်တွဲ အနေ ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအား ပြည်ထောင်စု အဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ဖြင့် စီမံအုပ်ချုပ်ရေး ကောင်စီများအား အုပ်ချုပ်ရေး ပုံစံချမှတ်ပြီး အာဏာလုယူမှုအပေါ်တွင် မိမိတို့ လုံး၀ လက် ခံခြင်းမရှိပဲ မိမိတို့ ခရိုင်နယ်မြေဒေသအတွင်းတွင် ချမှတ်လာမည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အုပ်ချုပ် ရေး ယန္တရားများကို ကန့်ကွက်သွားမည်ဖြစ်ပါသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်အသက်သွင်းရန် အကောင်အထည်ဖော်နေသည့် ပြည် သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှ ချမှတ်လာမည့် အုပ်ချုပ်ရေး အစီအမံများကို မိမိတို့ ခရိုင်နယ် မြေတွင် လက်ခံမည် မဟုတ်ပဲ နဂိုရှိထားသည့် ကော်သူးလေ အုပ်ချုပ်မှုစံနစ်အတိုင်း စီမံဆောင် ရွက်သွားမည် ဟု ဆိုသည်။

သို့သော်လည်း မိမိတို့ ကေအဲန်ယူ- အုပ်ချုပ်နယ်မြေ ပြင်ပဒေသတွင် ကြားကာလ အုပ်ချုပ်ရေး အပြင် CRPH မှ လမ်းညွှွှန်သည့် ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်များကို အားပေးထောက်ခံကြောင်းနှင့် လိုအပ်သည့်အုပ် ချုပ်ရေး ဆိုင်ရာ အစီအမံများ နယ်မြေလုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပညာရေး ကျန်းမာရေး ဆိုင်ရာ စသည့် ဝန် ဆောင်မှု လုပ်ငန်းများ အပါအဝင် မိမိတို့ လိုအပ်သလို အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီပံ့ပိုး သွားမည်ဖြစ်သည် ဟု ပြောသည်။

ထို့ကြောင့် မိမိတို့ ခရိုင်အတွင်း အုပ်ချုပ်ရေး ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး နဂိုရှိထားသည့် ကော်သူး လေ အုပ်ချုပ်ရေး စံနစ်အတိုင်း စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ် ပေါ်ပေါက်လာသည့်အထိ ကြိုးပမ်းသွားမည် ဖြစ်သည်ဟု KNU ခရိုင် အသီးသီးက ဆိုသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...