လက်ရှိ စစ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများကို ထောက်ခံပြီး ကာကွယ်စောင့်ရှောက် မှုပေးရာတွင် အကြမ်းဖက်မှုကို ရှောင်ရားရန် ဆန္ဒပြပြည်သူများ၏ လုံခြုံရေးအတွက် လက်နက်အင်အားဖြင့် ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း KNU -ကရင်အမျိုးသားအစည်းအရုံးက ကေအိုင်စီသို့ ပြောသည်။
မကြာသေးခင်ရက်များက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင် ကရင်စစ် သားများမှ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြသူများကို လိုက်ပါ စောင့်ရှောက် နေသည့်ဓါတ်ပုံများ လူမှုကွန်ရက်များ၌ ပျံ့နှံ့ထွက်ပေါ်လာခဲ့သလို တချို့သော ပြည်တွင်းမီဒီယာ များမှလည်း ၎င်းအပေါ် အလေးပေးဖော်ပြမှုများပြုရှိခဲ့သည်။
၎င်းပေါ်ထွက်လာသည့် လူထုဆန္ဒဖော်ထုတ်မှုအပေါ် လုံခြုံရေးရယူပေးနေသည့် ဓါတ်ပုံများနှင့် ပတ်သက်ပြီး KNU အထွေထွေ တွဲဖက် အတွင်းရေးမှူး (၂) ပဒို စောလှထွန်းက ကေအိုင်စီကို ယခုလို ရှင်းလင်းပြောဆိုသည်။
“ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့ပြီးဖြစ်သလို အဲ့အပေါ်မှာ အခိုင်အမာရပ် တည် သွား မယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ပြည်သူတွေကို ကျနော်တို့ တကယ်ထောက်ခံသလို လိုအပ်တဲ့ အကူ အညီတွေလည်း ပေးသွားမယ်။ ဒါပေမဲ့ ကေအဲန်ယူက မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖွဲ့စည်းထား တာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတဲ့သူတွေကို လက်နက်နဲ့ အကာအကွယ်ပေးတာမျိုးတော့ ကျနော်တို့ လုပ်ဆောင်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒဖော်ထုတ်နေသည့်ပြည်သူများအထဲတွင် လက်နက်ကိုင် ရဲဘော်များအနေဖြင့် ပါဝင်လာပါက အခြားတဖက်မှ အကြမ်းဖက် တုန့်ပြန်လာနိုင်သည့် အနေအထား မျိုးမဖြစ်အောင် သတိထားရှောင်ကျဉ်လျက်ရှိကြောင်းလည်း ပဒို စောလှထွန်းက ဆက်ပြောသည်။
၎င်းက “ကျနော်တို့ လက်နက်ကိုင် ထိပ်တိုင်ရင်ဆိုင်မှုကို သတိထားဖို့လိုတယ်။ အရပ်သားတွေက ပစ်မှတ်ထား ခံရနိုင်တယ်။ ကျနော်တို့အနေနဲ့ ဆန္ဒဖော်ထုတ်သူတွေအတွက် ဆန္ဒဖော်ထုတ်သွားလာနိုင်ဖို့ ဒါမှမဟုတ် လွတ် လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရနိုင်ဖို့ကို ညှိနှိုင်းဆောင်ရွက်ပေးမှု တချို့တွေမှာလည်း ပါဝင်ပေးမှာဖြစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်နေ့က KNU ထိန်းချုပ်နယ်မြေရှိ ကော့ကရိတ်မြို့နယ်မှ ဒေသခံကျေးရွာ သားများသည် ကော့ကရိတ်မြို့ပေါ်သို့ ချီတက်ဆန္ဒဖော်ထုတ်ရန် စုဝေးခဲ့ကြပြီး ၎င်းတို့ကိုလည်း ကရင်လက် နက်ကိုင်စစ်သားများမှ လမ်းတစ်လျှောက် ကြည့်ရှုစောင့်ရှောက်ပေးခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် ပေါ်ထွက် ပျံ့နှံ့ခဲ့သည် ဓါတ်ပုံများမှာ ကရင်စစ်သားများမှ KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကော့ကရိတ်သွားရာ လမ်းတစ်လျှောက်တွင် လုံခြုံရေးရယူပေးခဲ့ခြင်းသာဖြစ်သည်။
KNU ကော့ကရိတ်မြို့နယ်ဥက္ကဋ္ဌ ပဒိုစောမောထူး က “ကျနော်တို့ ဒေသက ကျနော်တို့ ပြည်သူတွေကို ကာကွယ်ပေးဖို့က ကျနော်တို့ တာဝန်ပဲ။ ဒါကြောင့် ကျနော်တို့ တကယ်ပဲ ကျနော်တို့ ပြည်သူတွေနဲ့ ရှိနေခဲ့ကြပါတယ်။ တစ်ခုခုဖြစ်လာခဲ့သည်ရှိသော် ကျနော်တို့တို့ မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက် နိုင်ဖို့ အ တွက်ပဲဖြစ်ပါတယ်။” ဟု ကေအိုင်စီသို့ပြောသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထောင်နှင့်ချီသည့် ဆန္ဒဖော်ထုတ်သူများသည် ကော့ကရိတ်မြို့သို့ ချီတက် ဆန္ဒဖော်သွားရာတွင် လုံခြုံရေး တပ်ဖွဲ့များမှ ၎င်းတို့ကို မြို့တွင်းဝင်ခွင့် တားမြစ်ခဲ့ပြီး ဆန္ဒဖော်ထုတ်သူများ တခြားလမ်းကြောင်းသို့ ပြောင်းလဲ ဆန္ဒဖော်ထုတ်မှု မပြုလုပ်ခင်အထိ နာရီအနည်းငယ်ကြာ ညှိနှိုင်းဆွေးနွေးမှု များရှိဖြစ်ပေါ်ခဲ့သည်။







