အဖွဲ့ဝင်အားလုံးနီးပါးနုတ်ထွက်ထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် လစ်လပ်နေရာများအတွက် အစားထိုးရွေးချယ်နိုင်ရေး ကိုယ်စားလှယ်လောင်း အဆိုပြု လွှာများကို ယနေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နိုင်ငံပိုင် သတင်းစာများတွင် ဖိတ်ခေါ်ထား ကြောင်း သိရသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ၂၆ ဦးရှိသည့်အနက် ယာယီဥက္ကဋ္ဌ ဒေါက်တာမျိုး သန့်တင်၊ ဘဏ္ဍာရေးမှူး ဦးမင်းဟန်မှလွဲ၍ အခြားသောအတွင်းရေးမှူးများ၊ တွဲဖက်အတွင်း ရေးမှူးများအပါအဝင် ကျန်အဖွဲ့ဝင် စုစုပေါင်း ၂၄ ဦးအထိနုတ်ထွက်ထားပြီးဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိခိုက်လာစေနိုင်သည့် ဥပဒေများအား ပြင်ဆင်ဖြည့်စွက်မှုများရှိလာသည့်အတွက် အဆိုပါ အခြေအနေ အပေါ် လက် မခံနိုင်သည့် အဖွဲ့ဝင်များအသီးသီးနုတ်ထွက်ခဲ့ကြခြင်းဖြစ်ပြီး ယခုပြန်လည်ဖွဲ့စည်းမည့် မီဒီယာကောင်စီတွင်လည်း မည်သို့မျှပြန်လည်ပါဝင်မည် မဟုတ်ကြောင်း ကောင်စီအဖွဲ့ ဝင်ဟောင်းတစ်ဦးက ပြောသည်။
ပြန်လည်ဖွဲ့စည်းမည့်မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများကို ယနေ့မှစပြီး ပိတ်ရက်မရှိ မတ်လ ၃ ရက်နေ့အထိနောက်ဆုံးထားပေးပို့ရ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရွေးချယ်ရေးအဖွဲ့မှ နိုင်ငံပိုင် သတင်းစာများတွင် ကြေငြာထားသည်။
လက်ရှိသတင်းမီဒီယာကောင်စီသက်တမ်းမှာ လာမည့်အောက်တိုဘာလတွင် ကုန်ဆုံး မည်ဖြစ်ပြီး သက်တမ်းမကုန်မီကြားကာလ လစ်လပ်နေရာမျာတွင်အစားထိုးနိုင်ရေး ယခုလို ကိုယ်စားလှယ်လောင်းများ ခေါ်ယူခြင်း ဖြစ်သည်ဟု သိရသည်။







