စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားရေးသားခြင်းကြောင့် အဖမ်းခံထားတဲ့ ရဲတပ်ဖွဲ့ဝင်ညီအကို ၂ ယောက်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း ဖခင်ဖြစ်သူ မသိ၍ စိုးရိမ်နေ

စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားရေးသားခြင်းကြောင့် အဖမ်းခံထားတဲ့ ရဲတပ်ဖွဲ့ဝင်ညီအကို ၂ ယောက်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း ဖခင်ဖြစ်သူ မသိ၍ စိုးရိမ်နေ

စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများကို လူမှု့ကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့သည့် ရဲတပ်ဖွဲ့ဝင်ညီအကို ၂ ယောက်ကို ဖမ်းဆီးထားသည့် ဧရာဝတီတိုင်း ပုသိမ်မြို့ရဲတပ်ဖွဲ့မှူးရုံးဗဟိုကင်းအချုပ်ဆောင်မှာမရှိဘဲ မည်သည့်နေရာတွင် ပြောင်းရွေ့ချုပ်နှောင်ထားကြောင်း မသိရှိရတာကြောင့် မိဘများက စိုးရိမ်နေပါတယ်။

သူတို့ညီအကို ၂ ယောက်ကို ဖေဖော်ဝါရီလ  ၃ရက်နေ့ညမှာ ကြံခင်းရဲစခန်းက ဖမ်းဆီးလိုက်တာပါ။ အဲ့ဒီလို ဖမ်းဆီးခံရပြီးနောက် မိဘများက ရဲစခန်းကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့ဘဲ ရဲစခန်းတာဝန်ရှိသူတွေက အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာတော့ ဖမ်းဆီးခံထားတဲ့ ရဲတပ်သားညီအကို ၂ ယောက်ကို ကြံခင်းပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ဖို့အတွက် ခေါ်ဆောင်သွားတယ်လို့သိရပြီး ဖခင်ဖြစ်သူက အဝေးကနေသာ သား ၂ ယောက်ကို ကြည့်ခွင့်ရပြီး မည်သည့်အတွက် ဆေးစစ်ရခြင်းကို မသိရှိဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ ပုသိမ်မြို့ရဲတပ်ဖွဲ့မှူးရုံးဗဟိုကင်းအချုပ်ဆောင်ကို ပြောင်းရွေ့ချုပ်နှောင်ထားတယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သားဖြစ်သူကို တွေ့ခွင့်ရမယ်အထင်နဲ့ ပုသိမ်မြို့ရဲတပ်ဖွဲ့မှူးရုံးဗဟိုကင်းအချုပ်ဆောင်မှာ သွားတွေ့ရာမှာတော့ သား ၂ ယောက်လုံး လွန်ခဲ့တဲ့၂ရက်ကတည်းက မရှိတော့ဘူးလို့ တာဝန်ကျရဲတစ်ဦးက ပြောတယ်လို့ သိရပြီး မိဘများက စိုးရိမ်နေကျပါတယ်။

“ပုသိမ်ကရဲစခန်းမှူးက မနေ့ကပြောတယ် သွားပါ။ တွေ့ပါရတယ်ဆိုပြီးပြောတယ်ဗျ။ အဲ့တော့ကျနော်တို့လဲ ကြံခင်းကနေ မနက်ကြီးထွက်လာတယ်။ ပုသိမ်ကိုရောက်တော့ တိုင်းရဲတပ်ဖွဲ့ရုံးကိုရောက်တော့ ကျနော်တို့အကြောင်းကြားတယ်။ သား၂ယောက်နဲ့တွေ့ခြင်တယ်ဆိုတော့ တာဝန်ကျတဲ့သူတွေက သတင်းပို့ပေးတယ်ဗျ။ သတင်းပို့ပြီးတော့ သူက ခနထိုင်စောင့်ပါဆိုတော့ ထိုင်စောင့်ပြီးတော့ သူကပြောတယ်။ ဒီမှာ ၂ ရက်လောက်တော့ထားပါတယ်တဲ့ အခုတော့မရှိတော့ပါဘူး။ တခြားနေရာကို ပြောင်းရွေ့ခေါ်သွားပါပြီလို့ ပြောတယ်ဗျ။”ဟု ဖခင်ဖြစ်သူ ဦးသန့်ဇင်က ပြောပါတယ်။

ဆက်လက်ပြီး သား၂ယောက်ကို မည်သည့်နေရာကိုခေါ်ဆောင်သွားကြောင်း ဖခင်က မေးမြန်းရာမှာတော့ မဖြေကြားဘူးလို့သိရပါတယ်။

 ယခုအချိန်အထိ ဖမ်းဆီးခံထားရတဲ့ သားကြီးဖြစ်သူ ရဲတပ်သား သူရိန်လင်းနဲ့ သားငယ်ဖြစ်သူ ဒုတပ်ကြပ်တာရာလင်းတို့ ၂ ယောက်ကို ရဲစည်းမျဉ်းစည်းကမ်းဥပဒေနဲ့ အရေးယူထားတယ်လို့သာ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပြီး သူတို့သား ၂ ယောက်မည်သည့်နေရာမှာ ချုပ်နှောင်ထားကြောင်း မသိရှိရလို့ စိုးရိမ်စိတ်ပူနေကျပါတယ်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...