ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက ဆန္ဒပြ လှုပ်ရှားမှု ဓါတ်ပုံများတွေ့ရှိပြီး ဖမ်းဆီးခံရသည့် ပရဟိတသမား အပျော်တမ်းဓါတ်ပုံဆရာနှစ်ဦးကို ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။
မိုးညှင်းမြို့ရှိ သာယာတော သုဿန်မှ ဖမ်းဆီးသွားသူ ၃ ဦး ရှိသည့်အနက် ၁ ဦးကို ပြန်လွှတ်ပေးခဲ့ပြီဖြစ်သော် လည်း ကျန်နှစ်ဦးကို သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲခံထားရခြင်း ဖြစ်သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညက သာယာတော သုဿန်တွင် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြ ခေါင်းဆောင်များဟု စွပ်စွဲထားသူ ဦးကျော်ခိုင်ဝင်းနှင့် ကိုမြင့်ဇော်ဆိုသူ နှစ်ဦးအား လာရောက်ရှာဖွေရာ ၎င်းတို့ကို မတွေ့ရှိသောကြောင့် သုသာန်ဝင်းအတွင်း ရှိ ကိုကျော်ဇင်ဦးနှင့် ဦးမိုးညီညီထွန်းတို့ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“အခုဖမ်းဆီးခံထားရတဲ့ နှစ်ယောက် မိုးညှင်းမြို့ရဲ့ လှုပ်ရှားမှုနဲ့ ဘာမှ မပတ်သက် ဘူး။ သူတို့က အပျော်တမ်းဓါတ်ပုံဆရာတွေပါ။ ကိုဗစ်ကာလတုန်းက သူတို့က စေတနာ့ဝန်ထမ်းတွေပါ။” ဟု မိုးညှင်းမြို့ က ဒေသခံတစ်ဦးက ပြောသည်။ “သူတို့နှစ်ယောက်က သုသာန်မှာပဲ ညအိပ်ကြတယ်။ သွားရှာတာတော့ အမှုဖွင့်ထား တဲ့ ဦးကျော်ခိုင်ဝင်းနဲ့ ကိုမြင့်ဇော်ကို သွားရှာတယ်။ မတွေ့တဲ့အခါကြတော့ အဲ့ကောင်လေးနှစ်ယောက်ကို ခေါ် သွားပြီးမှ ပုဒ်မ ၂၅ တပ်ပြီး တရားစွဲတာဖြစ်ပါတယ်။ ၂၅ ရက်နေ့ ရုံးထုတ်မယ်လို့တော့ ပြောတယ်”
၎င်းတို့နှစ်ဦး၏ ကင်မရာများကိုလည်း သိမ်းဆည်းသွားသည်ဟု ဆက်ပြောသည်။
“အဲ့ကောင်လေးနှစ်ယောက်က အပျော်တမ်းဓါတ်ပုံဆရာတွေဆိုတော့ မိုးညှင်းမြို့မှာ ဆန္ဒပြတဲ့ဟာတွေ ရိုက်ထား တာတွေရှိတော့ ကင်မရာတွေလည်း အသိမ်းခံရတယ်။ Sony ကင်မရာတစ်လုံး၊ Nikon ကင်မရာတစ်လုံး အ ဖမ်း ခံရတဲ့အချိန် တခါတည်းသိမ်းသွားတာပေါ့ပြီးတော့ မီသဂြိုလ်တဲ့နေရာမှာ စောင့်တဲ့ အစ်ကိုကြီး တစ် ယောက်ကိုလည်း ဖမ်းသွားတယ်။”
အဆိုပါအမှုနှင့်ပတ်သက်၍ အကြောင်းကြားစာတွင် သာယာတောသုဿန်သို့ ဝင်ရောက်စစ်ဆေးရှာဖွေရာ မီး သဂြိုလ်စက်ဘေးတွင် နာရေးကူညီမှုအသင်းမှ ကိုကျော်ဇင်ဦးနှင့် ဦးမိုညီညီထွန်းနှစ်ဦးတို့ကို တွေ့ရှိရကြောင်း၊ Nikon ကင်မရာတစ်လုံး၊ Sony ကင်မရာတစ်လုံးနှင့် ဖုန်းတစ်လုံးတို့အား သိမ်းယူခဲ့ရာ၊ စစ်အစိုးရ ဆန့်ကျင် ဆန္ဒပြသည့် ဓါတ်ပုံများအား အချက်အလက်ယူထားသည်ကို တွေ့ရှိရသည်ဟု ရေးသားထားသည်ဟု ဆိုသည်။
၎င်းမှတ်တမ်းဓါတ်ပုံများအရ ၎င်းတို့နှစ်ဦးမှာ ဖေဖော်ဝါရီလ ၁၈ ရက် တွင် ဆန္ဒပြသူများကို ဦးဆောင်ခဲ့ကြကြောင်းနှင့် မှတ်တမ်းဓါတ်ပုံကိုလည်း ၎င်းတို့ကိုယ်တိုင် ရိုက်ယူခဲ့ကြောင်း ဓါတ်ပုံမှတ်တမ်းများအရတွေ့ရှိရကြောင်း ထို့ကြောင့် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု တရားလိုဘက်က ဆိုကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ မိုးညှင်းမြို့က ဒေသခံတစ်ဦး က ဆက်ပြော သည်။
“ဦးမိုးညီညီထွန်း(ခ) ကိုညီ အသက်က ၃၉ နှစ်၊ နောက်တစ်ယောက်ကတော့ ကိုကျော်ဇင်ဦး(ခ) ကိုညီကောင်း အသက် ၃၁ နှစ် ပေါ့နော်၊ သူတို့နှစ်ယောက်ပေါ့။ တရားလိုအဖြစ်တရားစွဲတာက ရဲမှူးစောဖိုးထူးဆိုတဲ့ တစ် ယောက်က တရားစွဲတာဖြစ်ပါတယ်။ အမှတ် ၉၀၄ အမြှောက်စစ်ဆင်ရေး ကွပ်ကဲရေးမှုဌာနချုပ် စစ်ဦးစီး ပထ မတန်း ဒုတိယဗိုလ်မှူးကြီး မင်းအောင်နိုင်ကနေပြီးမှ သူတို့ကိုယ်တိုင်ဝင်ဖမ်းပြီးမှ တရားလိုကတော့ ရဲမှူးစောဖိုး ထူး ကနေပြီးတော့ တရားစွဲတာပေါ့နော်” အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ က ပြောသည်။
“စစ်အာဏာရှင်၊ စစ်အစိုးရပြောတော့ သူတို့က မကြိုက်ဘူးပြောတယ်။ အခုကြည့် ရဲစခန်းကိုသွားတယ် ရဲ စခန်းက သူတို့ကိုယ်တိုင်က အမှုမဖွင့်ချင်ဘူး။ ဒါပေမယ့် အပေါ်က ဖိအားကြောင့် အမှုဖွင့်ရတယ်။ စကားတွေ အရ ကြားရတယ်။ ပြီးတော့ ဒီအမှုနဲ့စွဲတာကို ရှေ့နေတွေက လိုက်ပြီး သွားပြောတဲ့အခါမှာ ဥပဒေရုံးက အရာရှိ တွေ ကိုယ်တိုင်က ပြောင်းလဲလို့မရပါဘူးဆိုတော့ ဒါဆိုရင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးက တရားစီရင်ရေးရော၊ အုပ်ချုပ်ရေးရော စစ်အောက်ထဲ လုံးဝရောက်သွားတာ သေချာသလောက်ဖြစ်နေပြီ။ ဘာဖြစ်လို့လည်းဆိုရင် တရားစီရင်ရေးဌာနကလည်း သူတို့ကို ကြောက်နေရတယ်။ ဥပဒေအရာရှိတွေတောင် ဒီဥစ္စာလုပ်လို့မရဘူး ပြော လို့မရဘူးဖြစ်လာတယ်။”
ဖမ်းဆီး တရားစွဲခံထားရသည့် ဦးမိုးညီညီထွန်း (ခ) ကိုညီနှင့် ကိုကျောင်ဇင်ဦး(ခ) ကိုညီကောင်းတို့ နှစ်ဦးမှာ We Love Mohnyin အဖွဲ့ဝင်များ ဖြစ်သည်။ ထို့အပြင် ၎င်းတို့နှစ်ဦးမှာ အပျော်တမ်းဓါတ်ပုံဆရာများ ဖြစ်သလို ပရဟိတသမားများ၊ COVID-19 ကာလတွင်လည်း Volunteer၊ အဖြစ်လုပ်ကိုင်နေသူများဖြစ်သည်ဟု မိုးညှင်း ဒေသခံများ က ပြောသည်။
COVID-19 စေတနာ့ဝန်ထမ်းများအဖြစ်လုပ်ကိုင်သူများဖြစ်သည့်အတွက် ထိုကာလများကတည်းက နေအိမ်သို့ မပြန်ပဲ သာယာတော သုဿန်တွင်သာ နေထိုင်နေသူများ ဖြစ်သည်။ အဆိုပါ သုဿန်သည် စည်ပင်သာယာဝန်ကြီးဌာနအောက်တွင်မရှိပဲ ပရဟိတအသင်းများက ထောင်ထားသည့် သုသာန်ဖြစ်သည်။
ပရဟိတသမား အပြစ်မဲ့ပြည်သူ နှစ်ဦးကို ယခုကဲ့သို့ မတရားဖမ်းဆီးပြီး ပုဒ်မများတပ် တရားစွဲဆိုလိုက်ခြင်း အပေါ် ကန့်ကွက်ကြောင်း၊ တရားသူကြီးများအနေဖြင့် အမှန်တရားဘက်က ရပ်တည်ပေးသင့်သည်ဟု ဒေသခံ များ က ပြောသည်။







