လူထုအစိုးရထံသာ တာဝန်ထမ်းဆောင်မည်ဟု သံတောင်ကြီးကျန်းမာရေးဝန်ထမ်းများ သဘောထားထုတ်ပြန်

လူထုအစိုးရထံသာ တာဝန်ထမ်းဆောင်မည်ဟု သံတောင်ကြီးကျန်းမာရေးဝန်ထမ်းများ သဘောထားထုတ်ပြန်

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အစိုးရထံ၌သာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားမည်ဟု ဖေဖော်ဝါရီလ ၂၃ရက်နေ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများမှ သဘောထား ထုတ်ပြန် လိုက်ကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ CDM (civil disobedience movement) လုပ် ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဖြင့် ပြည်သူတင်မြှောက်ခဲ့သော တရားဝင်အစိုးရ၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီကိုသာ တာဝန်ခံ၍ ထမ်းဆောင်မည်ဟု ကျန်းမာရေးဝန်ထမ်းများ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

“ကျန်းမာရေးဝန်ထမ်း အလွှာအသီးသီးက ၉ဝရာခိုင်နှုန်းကျော် CDM ဝင်တယ်။ သံတောင်နဲ့ ဘောဂလိဆေးရုံ ပိတ်ထား တယ်။ ကုသမှု မလုပ်တော့ဘူးပေါ့နော်။ အရေးပေါ်လူနာတွေကို အဆင်ပြေတဲ့နေရာမှာ အခမဲ့ စီစဉ်ထားပေးတယ်။ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးမလား မထိုးဘူးလားတောင် ကျနော်တို့ကို မမေးတော့ဘူး။ CDM လုပ်ကြဖို့နဲ့ လူထုတင်မြှောက်တဲ့ အစိုးရပြန်ရဖို့ တောင်းဆိုချင်တယ်။”ဟု သံတောင်ကြီးမြို့နယ်မှ အမည်မဖေါ်လိုသူ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ ယနေ့ ပြောသည်။

ထို့အပြင် ဝန်ထမ်းများရရှိမည့်လစာများကိုလည်း ယခုကာလတွင် ထုတ်ယူခြင်းပြုမည်မဟုတ်ဘဲ ပြည်သူရွေးချယ်တင် မြှောက်ထားသည့် အစိုးရ ပြန်လည်ဖွဲ့စည်းနိုင်မှသာ လုပ်ခလစာများ ပြန်လည်ထုတ်ယူမည်ဖြစ်၍ လုပ်ခများလျော့ပါး ပျောက်ဆုံးပါက တာဝန်ခံရမည်ဟု ထုတ်ပြန်စာတွင် သတိပေး ဖော်ပြထားသည်။

သံတောင်ကြီးမြို့နယ်တွင် အလွှာအသီးသီးမှ ကျန်းမာရေးဝန်ထမ်းဦးရေ ၂ဝဝကျော်ရှိသည့်အနက် ဝန်ထမ်း ၁၈ဝကျော် မှာ CDM ဝင်လျှက်ရှိသော်လည်း သံတောင်ကြီးနှင့် လိပ်သိုမြို့များရှိ ဆေးရုံ ၂ရုံမှာ ကျန်းမာရေးကုသမှု လုပ်ဆောင်ပေး နေပြီး မြို့နယ် ဆရာဝန် ၅ဦးအနက် ၃ဦးမှာ CDM ဝင်ထားသည်ဟု ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...