ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံညှိနိူင်းအစည်းအဝေးသို့ ကရင်နိုင်ငံရေးပါတီ ၃ ပါတီမှ တက်ရောက်သွားမည်ဖြစ်ကြောင်း ပါတီအသီးသီးရှိ တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါတွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ကရင်နိုင်ငံရေးပါတီများဖြစ်သည့် ကရင်ပြည်သူ့ပါတီ -KPP ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ -KNDP ၊ ဖလုံစဝေါဒီမိုကရက်တစ်ပါတီ -PSDP တို့အသီးသီးတက်ရောက်ကြမည်ဖြစ်သည်။
KPP အထွေထွေအတွင်းရေးမှူးနမ့်ခင်အေးဦးက “ အဲဒီကိစ္စ မနေ့ကအစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တော့ သွားသင့်တယ်ဆိုတဲ့မဲက ၂၈ မဲ၊ မသွားသင့်တဲ့မဲက ၇ မဲဆိုတော့ သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ အကြောင်းအရင်းကတော့ သူတို့ဘာပြောမလဲနား ထောင်ချင်တယ်။ ပြီးတော့ ဖြစ်ခဲ့တဲ့မဲစာရင်းကိစ္စကိုလည်း သေချာသိချင်တဲ့အတွက်ဖြစ်တယ်” ဟုပြောသည်။
နိုင်ငံရေးပါတီများနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးအတွက် စစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်း လိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သစ်အနေဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံရေး ပါတီအသီးသီးထံပေးပို့အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိကရင်နိုင်ငံရေးပါတီ ၄ ပါတီရှိသည့်အနက် ၃ ပါတီမှာ အစည်းအဝေးတက် ရောက်သွားမည်ဖြစ်ပြီး ဧရာဝတီကိုအားပြုဖွဲ့စည်းထားသည့် ကရင်အမျိုးသားပါတီ -KNP အနေဖြင့် အဆိုပါအစည်းအဝေးသို့ တက်ရောက်သွားမဟုတ်ကြောင်း KNP ပါတီ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက ယခုလိုပြောသည်။
“အစည်းအဝေးမတက်ဖြစ်ကြောင်း မနေ့ကအကြောင်းပြန်လိုက်ပါပြီ။ ပါတီဝင် တွေသဘော ထားကောက်ခံရာမှာတော့ အများစုက မသွားသင့်ဘူးလို့ သဘောထားပေးလာတဲ့အတွက် မတက်ဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ် ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီများဖြစ်သည့် ကရင်အမျိုးသားဒီမိုက ရက်တစ်ပါတီ -KNDP နှင့် ဖလုံစဝေါဒီမိုကရက်တစ်ပါတီ -PSDP တို့ ဆွေးနွေးညှိနိူင်းပွဲ တက်ရောက်မည်ဖြစ်ပြီး ထိုသို့တက်ရောက်ရခြင်းနှင့်ပတ်သက်၍ KNDP ဥက္ကဋ္ဌ မန်းအောင် ပြည်စိုးက ယခုလိုပြောသည်။
၎င်းက “ဒို့ကတော့သွားမယ်။ ဒို့သွားတာက တိုင်းရင်းသားပါတီတွေအတွက် အခြေအနေ ဘယ်လိုရှိလဲ။ ဘာတွေပြန်ပေးမလဲ။ သူတို့ပေး၊ သူတို့ပြောတဲ့ဟာတွေက ဒို့ဘာပြန်ယူ လို့ရမလဲ။ ယူလို့ရရင်ယူမယ်။ ယူလို့မရရင်မယူဘူးဆိုတဲ့အနေအထားနဲ့ ဆုံးဖြတ်ထား တယ်”ဟု ပြောသည်။
အလားတူ ဖလုံစဝေါအနေဖြင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်းမှာ ကြိုက်ခြင်းမကြိုက်ခြင်းထက် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သို့ပြောဆို လုပ်ကိုင်သွားမည်ကိုသိရှိလိုသည့်အတွက် တက်ရောက်သွားမည်ဖြစ်ကြောင်း PSDP အတွင်းရေးမှူး စောကြည်လင်းကလည်း ပြောသည်။
ဖေဖော်ဝါရီလ ၂၆ ရက် နေပြည်တော်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ KPP မှ တွဲဖက်အတွင်းရေးမှူး စောထရူးဘလက်၊ KNDP မှ ဒုဥက္ကဋ္ဌ (၁)စောမြတ်ထွဋ်ဝင်း၊ PSDP မှ အတွင်းရေးမှူး စောကြည်လင်းတို့ အသီးသီးတက်ရောက်သွားမည်ဖြစ်သည်။







