ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ (MCC) က ဦးဆောင်ပြီး အထူးအစီအစဉ်အနေဖြင့် အာဏာရှင်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ဖျက်သိမ်း ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် CDM လှုပ်ရှားမှုများအတွက် ဝတ်ပြုဆုတောင်းကာ ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ (ယနေ့) ပြုလုပ်သည့် မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်ရှိ နောင်ရာပါကွင်းနေရာတွင် ပထမပိုင်းအစီအစဉ်အနေဖြင့် ငြိမ်းချမ်းရေး အတွက် ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပြီး ဒုတိယပိုင်းအစီအစဉ်အနေဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ ဥက္ကဋ္ဌ ဒေါက်တာခါလမ်ဆမ်ဆွန် က “ကျနော်တို့ တိုက်ခိုက်နေတဲ့ ရန် သူဟာ လူမဟုတ်ပါဘူး။ စနစ်ဖြစ်ပါတယ်။ ကျမ်းစာထဲမှာလည်း စနစ်တိုက်ဖို့ ပြောပါတယ်။ ဆိုတော့ ကျနော် တို့ ဒီနေ့ မြန်မာပြည်မှာ လူတွေအားလုံးကောင်းပါတယ်။ စနစ်ကြောင့် တိုင်းပြည် ပျက်နေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီစနစ်ဆိုတဲ့နေရာမှာ အာဏာရှင်စနစ်ဖြစ်ပါတယ်။ ဘုရားရှင်တောင်မှ အာဏာရှင်ကို အသုံး မ ပြုပါဘူး။ လူတွေတောင်းဆိုမှုကို လိုက်လျောပေးတဲ့ ဘုရားဖြစ်ပါတယ်။ ဒီနေ့ လူအချင်းချင်းအာဏာ သုံးပြီး မှ ကြိုက်သလို ကျနော်တို့ကို နှိပ်စက်နေခြင်း ညှင်းပန်းနေခြင်း စိတ်ရောဂါရာအောင် ကြောက်စိတ်တွေ မွေး ပေးနေတဲ့ အာဏာရှင်စနစ်ဟာ ဒီနေ့ မြန်မာပြည်မှာ ပျက်သုန်းဖို့ လိုပါပြီ” ဟု ဆုတောင်းရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
မြန်မာပြည်သူများအနေဖြင့် စိတ်ချမှု၊ လုံခြုံမှု၊ ငြိမ်သက်ခြင်း၊ စိတ်ပျော်ရွှင်ခြင်း စသည့် အခွင့်အရေးများကို နှစ် ပေါင်း ၇၀ ကျော် ဆုံးရှုံးခဲ့ရပြီဖြစ်ပြီး ဖေဖော်ဝါရီလ တစ်ရက်နေ့မှ စတင်၍ ထပ်မံအာဏာသိမ်းမှုကြောင့် လူထု များ ထပ်မံလမ်းပေါ်ရောက်လာကာ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်ဟု ဒေါက်တာခါလမ်ဆမ်ဆွန် က ဆက်ပြောသည်။
ထို့ကြောင့် “မြန်မာပြည်ကို အာဏာရှင်စနစ်ကနေ လွှတ်ပေးတော်မူပါ။ လူသားတိုင်းငြိမ်းချမ်းစွာ၊ တရားမျှတ စွာ၊ တန်းတူညီ တူ ကျနော်တို့ အခွင့်အရေးများရရှိလျှက် သာယာဝပျောတဲ့ ငြိမ်းချမ်းတဲ့ မြန်မာပြည်ကြီးမှ လူ သားဖြစ်ရတာကို ဂုဏ်ယူစွာနဲ့ အသက်ရှင်နှိင်ဖို့ရန် မစသနားတော်မူပါ။ ဒီနေ့ မြန်မာပြည်မှာ မြန်မာလူထုများ အားလုံးဆုတောင်း တဲ့ ဆုတောင်းသံဟာ အာဏာရှင်စနစ် ဖျက်သိမ်းရေးဖြစ်ပါတယ်။ စစ်အာဏာရှင်သာ မဟုတ်ပါဘူး ဒီမိုကရေစီမှာလည်း အာဏာရှင်စနစ်ရှိတယ်ဆိုတာကို သိရပါတယ်။ ကျနော်တို့ ခံစားရပါတယ်။ ဒါကြောင့်မို့လို့ အာဏာရှင်စနစ်မှန်သမျှ မြန်မာပြည်မှာ အမြစ်ပြတ်ချုပ်ငြိမ်းသွားဖို့ ဘုရားရှင် ကျနော်တို့ကို လမ်းပြပါ” ဟု ဆုတောင်းပေးခဲ့သည်။
ယနေ့ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆုတောင်းခြင်း အစီအစဉ်တွင် အာဏာရှင်ဖီဆန်ရေး ဝန်ထမ်းလှုပ်ရှားမှု (Civil disobedience movement – CDM) တွင် ပါနေသည့် ဝန်ထမ်းများအတွက်လည်း အထူးဆုတောင်းပေးခဲ့သည်။
“အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုကိုလည်း လှုပ်ရှားနေပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ စေခိုင်းချက်ကြောင့် မဟုတ်ပဲနဲ့ မြန်မာပြည်မှာ အာဏာရှင်များ စနစ်ကို နာကျည်းသော ခံယူချက်ဖြင့် ဒီနေ့ ပညာတတ်ဝန်ထမ်းများ CDM ကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ကျနော်တို့ သူတို့အတွက် ဆုတောင်းပေးပါတယ်။ သူတို့ကို ခွန်အား ပေးပါ၊ သူတို့ကို စောင့်ရှောက်ပါ၊ သူတို့ကို မစပါ။ မိမိဆန္ဒအလျောက်လုပ်တဲ့အတွက်ကြောင့်မို့လို့ ဖမ်းဆီးခြင်း များ၊ ထောင်ချခြင်းများမှလည်း ကင်းလွတ်စေပါ။”
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့ အတွက်လည်း ဒေါက်တာခါလမ်ဆမ်ဆွန် က တောင်းဆို ဆုတောင်းခဲ့သည်။
“၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ဆက်ပြီးမှ မြန်မာပြည်မှာ ဆက်သွားလို့ရှိရင် က နေ့ တိုင်းရင်းသားတွေရဲ့ လှုပ်ရှားတော်လှန်ပုန်ကန်မှုက ဆက်ဖြစ် နေ မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဥပဒေ ကို ဖျက်သိမ်းပြီး တိုင်းရင်းသားအားလုံးလိုလားနေတဲ့ တန်းတူညီတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ဖို့လည်း လမ်း ဖွင့် ပေးတော်မူပါ။ မြန်မာပြည်ရဲ့ အရေးဟာ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ထက် ထိ မြန်မာပြည်ကို အုပ်ချုပ်သော အစိုးရများ ဖက်ဒရယ်စနစ်ကို ဦးဆောင်မသွားကြပါဘူး။ အာဏာရှင်စနစ်ကို ပဲ ဗဟိုဦးစီးစနစ်ကိုပဲ ဦးဆောင်သွားနေကြတဲ့အတွက်ကြောင့် ဒီနေ့ မြန်မာပြည်မှာ ရှိသော တိုင်းရင်းသားများ တော်လှန်ကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆက်လက်ပြီးမှ မြန်မာပြည်မှာ ဖက်ဒရယ် ဒီမိုကရေစီဖော် ဆောင်ရေးကို ဘုရားရှင်လမ်းဖွင့်ပေးတော်မူပါ။”
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲနေ့တွင် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေးဂိုဏ်း ပေါင်းစုံမှ ဦးဆောင်ကာ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်း ရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဝတ်ပြုဆုတောင်းခြင်း၊ ငြိမ်းချမ်းစွာ လမ်း လျှောက် ဆန္ဒထုတ်ဖော်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။
မြစ်ကြီးနားမြို့တွင် ဒေသခံပြည်သူ သိန်းချီက နွေဦးတော်လှန်ရေး (သို့) နှစ်ငါးလုံး ပြည်လုံးကျွတ် သပိတ်ကို တနိုင်ငံလုံးရှိ ပြည်သူများနည်းတူ ငြိမ်းချမ်းရေးဆုတောင်းခြင်းအစီအစဉ်တွင်သော်၎င်း၊ ပင်မအထွေထွေလူထု သပိတ် စစ်ကြောင်းဖြင့်သော်၎င်း၊ ဆိုင်ကယ်သပိတ်စစ်ကြောင်း၊ ထိုင်သပိတ်စစ်ကြောင်း စသည်တို့ဖြင့် သီးသီး ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။







