စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်လာခဲ့သည့်အတွက် ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဒေါက်တာ အောင်နိုင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပါတီဗဟိုရုံးချုပ်ထံ စာတင်ပြီး နှုတ်ထွက်လိုက်ကြောင်း သိရသည်။
မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ဆုံးဖြတ်ထားသည့်အပေါ် လက်မခံ သည့် ဒေါက်တာအောင်နိုင်ဦးအပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၀ ဦးတို့က အဆိုပါကိစ္စကို ပြန်လည်သုံးသပ် ဆွေးနွေးရန် တောင်းဆိုထားသည်။
ပါတီမှ နှုတ်ထွက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဒေါက်အောင်နိုင်ဦးက မှတ်ချက်တစ်စုံတစ်ရာ မပေးလိုဘူးဟု ပြော သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီ ပါဝင်ရန် ဆုံးဖြတ်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းခဲ့စဉ် သတင်းနှင့်မီဒီယာကွန်ယက် က ဒေါက်တာအောင်နိုင်ဦးက “ဘယ်လိုပဲဖြစ်ဖြစ်လေဗျာ ကျနော်တို့ ကတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာသွားတဲ့ စနစ်ကို လိုချင်တာကို အစဉ်အစိုက်လည်း ဒီနိုင်ငံ ရေးပါတီ တည်ထောင်ထားတယ်ဆိုတာကလည်း ရွေးကောက်ပွဲဝင်မယ် ရွေးကောက်ပွဲကနေတဆင့် လုပ်ရည် ကိုင်ရည်ရှိတဲ့ နိုင်ငံရေး သမားတွေ လွှတ်တော်ထဲရောက်ဖို့ အဲဒီကမှ အုပ်ချုပ်မှုအပိုင်းမှာရရှိခဲ့ရင်လည်း ဆက် လက်ဆောင်ရွက်သွားမယ် ဒါကတော့ ဒီမိုကရေစီစနစ်နဲ့ ကျနော်တို့က သွားချင်တာကိုး။ ဆိုတော့ အဲဒီစနစ်မျိုးနဲ့ ကျနော်တို့ ခိုင်မာအောင် သွားချင်တာ ဒီကြားမှာဖြစ်လာတဲ့ ပြဿနာရေးရာကိစ္စမျိုးကို ကျနော်တို့က နိုင်ငံရေး ပါတီနဲ့ကျတော့ ကိုယ်ခံယူထားတဲ့ ကိုယ့်ရဲ့လမ်းကြောင်းနဲ့ပဲ သွားတာအကောင်းဆုံးပေါ့” ဟု ပြောထားသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့က မွန်ပြည်နယ်အဖွဲ့ဝင်ကောင်စီအဖြစ် မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်ရေးမှူး (၁) နိုင်လယိတမကို ခန့်အပ်ကြောင်း MRTV ည ၈ နာရီသတင်းတွင် ကြေညာခဲ့ပြီးနောက် ဒေါက်တာအောင်နိုင်ဦး ယခုကဲ့သို့ နှုတ်ထွက်လိုက်ခြင်းဖြစ်သည်။
ဒေါက်တာအောင်နိုင်ဦးသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း “ရပ်တည်ခံယူထားတဲ့ ဒီမိုကရေစီစံနှုန်း တန်ဖိုးတွေ ဘယ်လိုအကြောင်းနဲ့မှ ယိမ်းယိုင်မပြိုလဲစေရပါ၊ မဲဆန္ဒရှင်လူထုရဲ့ ယုံကြည်အားကိုးမှုကို အဓမ္မ ဝါဒီ တွေအတွက် မဖြစ်စေရပါ။ ပြောသင့်ပြောထိုက်တာ ပြောခဲ့ပြီးပြီ။ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားပါ့ မယ်။ ပြတ်သားချိန်တန်တော့ ပြတ်သားစေရပါမယ်။ အာဏာရှင်စနစ် ကျဆုံးပါစေ” ဟု ရေးသားထားသည်။
ထို့အပြင် လူထုက တင်မြှောက်သည့် ဒီမိုကရေစီအစိုးရကိုသာ လိုလားကြောင်း ဒီမိုကရေစီကျင့်စဉ်နှင့် အုပ်ချုပ် မှုစနစ်ကိုသာ နှစ်ခြိုက်ခံယူလိုကြောင်းလည်း ဒေါက်တာအောင်နိုင်ဦးက ရေးသားထားသည်။
ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် မွန်ပြည်နယ် ချောင်းဆုံ မြို့ နယ် ပြည်နယ်မဲဆန္ဒနယ် (၁) တွင် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
မွန်ညီညွတ်ရေးပါတီအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အများစု၏ သဘောထားဆန္ဒဖြင့် ဖေဖော်ဝါရီ ၆ ရက်နေ့က ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် ဆုံးဖြတ်ချက်သည် ပြည်သူထု အကြား ဝေဖန်ပြောဆိုခံနေရသလို ပါတီအတွင်းမှာလည်း လက်ခံသူနှင့် လက်မခံသူတို့အကြား သဘောထားများ ကွဲလွဲနေသည်။
ပါတီအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်လို သည့် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ကမ်းလှမ်းချက်ကို လက်ခံရန် ဆုံး ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောဆိုထားသည်။







