စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသူ စုစုပေါင်း ၅၆၀ ကျော်ရှိပြီ ဖြစ် ပြီး ၎င်းတို့အား ချွင်းချက်မရှိပြန်လွှတ်ပေးရန် နိုင်ငံရေးအကျင်းသားများ ကူညီစောင့်ရောက်ရေးအသင်း AAPP က ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ စာရင်းအရ စစ်ကောင်စီက နိုင်ငံတော်သမ္မတ၊ နိုင်ငံ တော်အတိုင်ပင်ခံ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်နေသူများနှင့် သတင်းသမားများကို ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုလုပ်ရပ်များ သည် နိုင်ငံတကာစံနှုန်းများကို အတိအလင်းချိုးဖောက်နေခြင်း ဖြစ်သည်ဟု AAPP က ထုတ်ပြန်ပြောဆိုထား သည်။
AAPP ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဦးအောင်မျိုးကျော် က “မနေ့ကထိ နောက်ဆုံးစာရင်းကတော့ ၅၆၀ ကျော်သွားပါပြီ။ ရှင်းရှင်းပြောရရင် စပြီးဖမ်းသွားကတည်းက လူ့အခွင့်အရေးချိုးဖောက်ခံရတာ ဖြစ် တယ်။ ဘာအပြစ်မှ မကျူးလွန်ထားပဲနဲ့ ဒီလိုမျိုး မတရားဖမ်းဆီးချုပ်နှောင်သွားတာလေ။ စဖမ်းသွားကတည်း က လူ့ အခွင့်အရေးချိုးဖောက်ခံရတာဖြစ်တယ်။ ဒီနေ့အချိန်ထိလည်း ချိုးဖောက်ခံနေရတုန်းပဲ။ အခုက တနိုင်ငံ လုံးအနှံ့ မှာ ဖမ်းဆီးခံနေရတယ်။ မန္တလေး၊ မြစ်ကြီးနား၊ ရန်ကုန် ဒီဘက်တွေမှာများတယ်။ နေရာအနှံ့မှာကို ဖမ်းနေတယ်။ ဒါက ကျနော်တို့ လက်လှမ်းမှီသလောက်ပဲထုတ်ထားတာ၊ ဒီထက်မကလည်း များနိုင်တယ်။ ရခိုင် မှာလည်း ရှိတယ် အဖမ်းခံနေရတာတွေ။ တနိုင်ငံလုံးမှာပါပဲ” ဟု ပြောသည်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုများ ပို၍ အင်အားကောင်းလာနေပြီး ဆန္ဒထုတ်ဖော်သူများ ကိုလည်း ဖိနှိပ်ခြင်းများ၊ အကြမ်းဖက်ခြင်းများကို အာဏာသိမ်းစစ်ကောင်စီမှ နေ့စဉ်ရက်ဆက် ကျူးလွန်လာ သည်ကို တွေ့ရှိရသည်ဟုလည်း AAPP က ပြောသည်။
ထိုလုပ်ရပ်များကို ရပ်တန့်ပြီး ပြည်သူများ၏ ဆန္ဒကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရန်လိုသည်ဟု ဦးအောင်မျိုးကျော် က ပြောသည်။
“ဒီလိုမျိုး ဖမ်းဆီးနေတဲ့ကိစ္စတွေ ရပ်တန်းကရပ်ဖို့လိုတယ်။ လက်ရှိ ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စသည် ဒီ လိုမျိုး ဖမ်းဆီးနေရုံနဲ့ ပြီးသွားမှာမဟုတ်ဘူး။ အခုဆို ၅၀၀ ကျော်ဖမ်းဆီးထားတယ်။ လူတွေ နေ့စဉ် သန်းနဲ့ချီ ပြီးတော့ သိန်းနဲ့ချီပြီးတော့ တနိုင်ငံလုံးအနှံ့မှာ ပြည်သူတွေက သူတို့ရဲ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်နေတာ ဖြစ် တယ်။ အဲ့ဒီအတွက်ကြောင့် ဒီလိုမျိုးဖမ်းဆီးနေတာတွေ ရပ်တန့်ဖို့လိုတယ်။ ပြည်သူတွေ လိုလားတောင့်တနေ တဲ့ ပြည်သူ့ဆန္ဒအစစ်အမှန်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့အတွက် ပြောချင်တယ်။”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၅၆၀ ကျော်ရှိပြီဖြစ် ပြီး ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရ သူ (၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၄၆) ဦးရှိပြီးဟု သိရသည်။
စစ်အာဏာရှင်ကျဆုံးရေးအတွက် Generation Z ဦးဆောင်နေသည့် သပိတ်တိုက်ပွဲများ၊ ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သော CDM လှုပ်ရှားမှုများသည် ပိုမိုအားကောင်းလာဖို့ လိုအပ်သည်ဟု AAPP က ဆက်ပြောသည်။
“ဒီလိုမျိုး အကောင်အထည်ဖော်နိုင်ဖို့အတွက် လှုပ်ရှားနေတဲ့ Generation Z က ဦးဆောင်နေတဲ့ သပိတ်တိုက်ပွဲ တွေ ဒီထက် ဒီထက်ပိုပြီး အားကောင်းလာဖို့လိုတယ်။ နောက်တစ်ခုကတော့ ဝန်ထမ်းတွေဦးဆောင်ပြီးမှ လုပ်နေ တဲ့ CDM လှုပ်ရှားမှုတွေ ပိုပြီး အားကောင်းလာဖို့လိုတယ်။ အလားတူပဲ CDM လှုပ်ရှားမှုဆိုတော ဝန်ထမ်းတွေ နဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။”
CDM လှုပ်ရှားမှုသည် ပြည်သူ့ဝန်ထမ်းများနှင့်သာ သက်ဆိုင်သည်မဟုတ်ပဲ ပြည်သူပြည်သားများ အားလုံးနှင့် လည်း သက်ဆိုင်ကြောင်း ပြည်သူများအနေဖြင့် စစ်အာဏာရှင်များနှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများကို အားပေးထောက်ခံခြင်းမပြုကြဖို့လည်း ဦးအောင်မျိုးကျော်က တိုက်တွန်းထားသည်။
“ပြည်သူတစ်ရပ်လုံးနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါဟာ လူထုအန်တုမှုပါ။ ထွက်လာသမျှ အမိန့်တွေကို လက်မခံ ဘူး၊ ဥပဒေတွေကို လက်မခံဘူး။ သူတို့ညွန်ကြားချက်တွေ တစ်ခုမှ မလိုက်နာဘူး၊ လက်မခံဘူး။ ပြီးတော့ အခွန် တွေ ကျနော်တို့မဆောင်ဘူး။ သူ့တို့နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းက ပစ္စည်းတွေ ကျနော်တို့ မသုံးဘူး။ အခွန်ဆောင်ရတဲ့ ဆိုင်တွေမှာ ကျနော်တို့ အစားအသောက်တွေ ဝယ်မစားဘူး။ ပစ္စည်းတွေ မဝယ်ဘူး။ သူတို့ စစ် အုပ်စုနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုံးဝအားပေးတာမလုပ်ဘူး။ ဒါပြည်သူလူထုက လုပ်နိုင်တဲ့ ပြည်သူ့ CDM ဖြစ်ပါတယ်။ ဒီပြည်သူ့ CDM ကိုလည်း ဒီထက်ဒီထက် ပိုပြီးအားကောင်းလာဖို့အတွက် ပြည်သူ အားလုံး ဝိုင်းဝန်းပေးကြဖို့ ကျနော်တို့ အနေနဲ့ တိုက်တွန်းလိုပါတယ်။”
စစ်အာဏာရှင် ကျဆုံးရေး ငြိမ်းချမ်းစွာဆန္ဒပြသူနေများနှင့် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီ ဆန်သော လှုပ်ရှားမှု (CDM) တွင် ပါဝင်သူများကို အတင်းဓမ္မ အင်အားသုံးဖြိုခွင်းနေသည့် လုပ်ရပ်များသည် တရားမျှတမှုလုံးဝမရှိကြောင်း၊ ထိုသို့ လုပ်ဆောင်နေခြင်းသည် နိုင်ငံတကာဥပဒေများအား ချိုးဖောက်နေခြင်း ဖြစ်သည်ဟုလည်း AAPP က ပြောသည်။







