ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လုပ်ဆောင်ခဲ့သည့် စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်သွားပြီး ဖြစ်သည့်အပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လည်း ပျက်သွားပြီဟု KNU Concerned Group က ပြောသည်။
NCA စာချုပ် ပျက်သွားရပြီဟု ပြောဆိုရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ KNU Concerned Group က ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုနော်စီဖိုးရာစိန် က ယခုကဲ့သို့ ပြောသည်။
“ကျမတို့ မြင်တာကတော့ ဒါက NCA ပျက်သွားပြီဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ NCA လက်မှတ်ထိုးတုန်း ကလည်း အစိုးရကတော့ အာဏာရ အစိုးရက ထိုးထားတာဖြစ်တယ်။ ပြီးတော့ နောက်မှာလည်း NLD ပါတီ အာ ဏာရတဲ့အခါမှာလည်း ဒီ Process ကို သူတို့ လုပ်ဆောင်တာဖြစ်တယ်။ ဒါပေမယ့် အခုကတော့ ဒီလုပ်ဆောင် ချက်တွေ အားလုံးကတော့ တပ်မတော်က ဒီလိုဖျက်သိမ်းပြီးတော့ အဓမ္မအာဏာသိမ်းထားတဲ့ အပေါ်မှာကတော့ ဒါကိုလည်း အားလုံးပြယ်ပျယ်ပြီလို့ ကျမတို့က ဒီလိုပဲမြင်တယ်။”
ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် စစ်အာဏာသိမ်းယူမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပျက်ပြယ်သွားပြီဖြစ်ပြီး ယခုလုပ်ရပ်သည် နိုင်ငံတော်ကို သစ္စာဖောက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်နည်းဖြင့် အာဏာကို ပြန်လုယူဖြစ်သည်ဟု ပဒိုနော်စီဖိုးရာစိန် က ဆက်ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လည်း မကိုက်ညီဘူး။ အဲဒါ ကတော့ ပြန်ကြည့်မယ်ဆိုရင် သူတို့က အကြမ်း ဖက် ပုန်ကန်ပေါ့နော နိုင်ငံတော်ကို ပုန်ကန်ပြီးတော့ အကြမ်း ဖက်နဲ့ပဲ လုပ်ဆောင်တာ ဖြစ်တယ်။ ဘာဖြစ်လဲလို့ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောမယ်ဆိုရင် လိုက်နာမယ်ဆိုရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေက ပြောတဲ့ ဥပမာ အာဏာသိမ်းဖို့အတွက်ကတော့ သမ္မတက ဒါကို သူတို့ကာလုံ အစည်းအဝေးခေါ်ပြီးမှပဲ သမ္မတက အာဏာလွှဲပြောင်းဖို့ရှိတယ်ပေါ့လေ။ ဒါပေ မယ့် အခုကလည်း သမ္မတကလည်း ဒါကိုသူ မဖြစ်ဘူး။ သူတို့ပြောတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပြောရ မယ်ဆိုရင် ကာကွယ်မယ်ဆိုရင် ဒါက လုံး၀ မကိုက်ညီ ဘူး။ အဲဒါကြောင့် သူတို့ကတော့ နိုင်ငံတော်ကို သစ္စာ ဖောက်တာ ဖြစ်တယ်။ အကြမ်းဖက်နည်းနဲ့ အာဏာကို ပြန်လုတာဖြစ်တယ်။”
ပဒိုနော်စီဖိုးရာစိန် သည် ကရင်အမျိုးသား အစည်းအရုံး KNU ဒု-ဥက္ကဋ္ဌ (ဟောင်း) တစ်ဦးဖြစ်ပြီး လက်ရှိတွင် KUN Concerned Group က ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။
စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ စသည့်အာဏာသုံးရပ်လုံးကို ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်သို့ ရောက်သွားပြီဟု တိုင်းရင်းသားတော် လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
“အာဏာကြီး ၃ ရပ် စလုံးကို တပ်မတော်က ချုပ်ကိုင် လိုက်ပြီးတော့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အစီအမံ အောက်မှာ အုပ်ချုပ်ရေး ရော ကျနော်တို့ ဥပဒေပြုရေးရော လွှတ်တော် ရောပေါ့ဗျာ။ အားလုံးကို သူက ကိုင် သွားတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါကြောင့် ဒီဟာကတော့ မူလ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်သော်လည်း ကောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွှတ်ရေးအတွက် လည်းကောင်းပေါ့ဗျား လုံး၀ နောက် ကြောင်းပြန်သွားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်ခင်ဗျာ။ အကျိုးမပြုတဲ့အပြင်ကိုပေါ့လေ နောက်ပြန်ဆွဲ သွား တဲ့ သဘော မျိုးဖြစ်ပါတယ်” ဟု ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များလည်း နောက်ပြန်ဆွဲသွားပြီးဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။
ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ အနေဖြင့် စစ်အာဏာရှင်နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခြင်း မျိုး လုံးဝမဖြစ်သင့်တော့ဘူးဟု ဆက်ပြောသည်။
“ပြီးတော့ စစ်အာဏာရှင်နဲ့ ပြန်ပြီးတော့ ဆွေးနွေးပွဲလုပ်မယ်ဆိုရင်လည်း ဒါကတော့ လုံးဝမဖြစ်သင့်ဘူး။ လုံး၀ လည်း ကျမတို့ မျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံ ရည်မှန်း ချက်ကို ရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြသနေတယ်။ ဘာဖြစ်လဲဆိုတော့ အစိုးရကို ဆွေးနွေးတဲ့ အခါမှာ ဒါကို နိုင်ငံရေးလမ်းကြောင်းကို သွားတာဖြစ်တယ်။ ဒါပေမယ့် အခုက လက်နက်ကိုသုံးပြီးတော့ အင်အားသုံးပြီးတော့ ဒါကို လုပ်ဆောင်မယ်ဆိုရင် သူတို့ကတော့ ရှင်းရှင်းလင်းလင်း ဖော်ပြတာကတော့ တိုင်းရင်းသားတွေ လိုလား နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ရောက်နိုင်မှာ မဟုတ်ဘူးလို့” ဟု ပဒိုနော်စီဖိုးရာစိန် က ဆက်ပြောသည်။
“အဲဒါကြောင့် NCA မှာလည်း ဆက်ပြီးတော့ ဆွေး နွေးမယ်ဆိုရင်လည်း စစ်တပ်ရဲ့ လိုအပ်ချက် တပ်မတော်ရဲ့ သူတို့ မျှော်မှန်းနေတဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကတော့ လက်နက်ကိုင် လမ်းစဉ် စွန့်လွတ် ဖို့ပဲ အဲဒါက သူတို့ရည်စူးပြီးတော့ သူတို့ လုပ်ဆောင် မှာ ဖြစ်တယ်။ အဲဒီအပေါ်မှာ ကျမတို့ ဒါကိုလက်မခံဘူး။”
အာဏာသိမ်း စစ်အစိုးရ၏ လုပ်ရပ်များနှင့် ဥပဒေ ထုတ်ပြန်ချက်များသည် အာဏာရှင်စနစ်ကို ပြန်လည်အသက် သွင်းနေခြင်းဖြစ်ပြီး ပြည်သူများ၏ လွတ်လပ်မှုကို ကန့်သတ် ချုပ်ချယ်လိုက်ခြင်းဖြစ်သည်ဟုလည်း NCA အပစ် ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ယာယီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြော ဆိုထားသည်။
ရွေးကောက်ပွဲတွင် အနိုင် ရရှိထားသည့် NLD အစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူလိုက်သည့်အပေါ် ပြင်း ထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့ KNU Concerned Group ၏ ထုတ်ပြန်ထားသည်။
KNU Concerned Group ကို ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ဟောင်း ပဒိုနော်စီဖိုးရာစိန် ဦး ဆောင်ဖွဲ့ စည်းခဲ့သည်။ ၎င်းအဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များ၊ ရပ်တည်ချက် များကို နိုင်ငံရေး အခြေအနေအပေါ်မူတည်၍ သဘောထား ထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့ ဖြစ် သည်။







