ဖားအံမြို့နယ်တွင် နေအိမ်မီးလောင်၍ ကလေးငယ် ၂ ဦး သေဆုံး

ဖားအံမြို့နယ်တွင် နေအိမ်မီးလောင်၍ ကလေးငယ် ၂ ဦး သေဆုံး
တောင်ကလေး စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် အသက်ရှင်ကျန်ရစ်သူ ၆နှစ်အရွယ်ကလေး (Manuhar Khun Tan Facebook)
တောင်ကလေး စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် အသက်ရှင်ကျန်ရစ်သူ ၆နှစ်အရွယ်ကလေး (Manuhar Khun Tan Facebook)

စောရှား - ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ကံခရဲကျေးရွာအုပ်စုရှိ ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော ကျွန်းကြီးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်(ယမန်နေ့ ည) ၁၁ နာရီအချိန်၌ နေအိမ်တစ်အိမ်မီးလောင်သဖြင့် ကလေး ၂ ဦး သေဆုံး သွားသည် ဟု သိရသည်။      

မိသားစုဝင် ၄ ယောက်နေထိုင်သော အဆိုပါအိမ်ရှိ သေဆုံးခဲ့သူ ၂ ဦးမှာ အသက် ၅ နှစ်နှင့်၂ နှစ်အရွယ် မိန်းကလေးများဖြစ်ကြောင်း ကံခရဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကျော်အေး က ကေအိုင်စီသို့ ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်)တွင်ပြောသည်။

“ထမင်းချက်ပြီးတော့ မွန်းလွဲ ၃ နာရီလောက်မှာ မီးသတ်ထားတယ်လို့ပြောတာပဲ။ အခုက အစရှာဖို့ဆိုတာ ဘေးက ရှို့တဲ့သူလည်း ဘာမတွေ့ရဘူး။ တောကလူကလည်း သိတဲ့အတိုင်း စောစောအိပ်ကြတော့  မီးလောင်ပြီးမှ သိရတဲ့သဘောပေါ့။” ဟု ပြောသည်။

မီးလောင်ဒဏ်ရာများရရှိခဲ့ကြသော အဖွားဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်သန်းမှာ ကျေးရွာဆေးခန်းတွင် ဆေး ကုသမှုခံယူနေပြီး အသက် ၆ နှစ်အရွယ် မြေးယောကျ်ားလေးမှာ တောင်ကလေးစစ်ဆေးရုံတွင် ရောက်ရှိ ကုသ လျက်ရှိကြောင်းလည်း သိရသည်။

မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရခဲ့ကြသည့် မောင်နှမ၊ ဝမ်းကွဲကလေးငယ်များ၏ မိဘများမှာ ထိုင်းနိုင်ငံ တွင် အလုပ်လုပ်ကိုင်နေကြကြောင်းလည်း ဦးကျော်အေးထံမှ သိရသည်။

ယနေ့တွင် နယ်မြေခံရဲစခန်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေး မှူးများမှာ အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေရာသို့ ကွင်းဆင်းစစ်ဆေးခဲ့သော်လည်း မီးလောင်ရသည့်အကြောင်းအရင်းကို ဆက်လက်စုံစမ်း နေဆဲဖြစ်ကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောသည်။

အဆိုပါနေအိမ်အား မသမာသူ လူတစ်စုမှ မီးရှို့သွားသည်ဟု လူမှုကွန်ရက် Facebook တွင် ပြောဆိုမှုများ ရှိနေသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုရယူနိုင်ခြင်း မရှိသေးပါ။

အိမ်ခြေ ၂ ရာနီးပါးရှိသည့် ကျွန်းကြီးရွာသည် ဖားအံမြို့၏ အရှေ့ဖက်အရပ်တွင် တည်ရှိပြီး သာမညရွာဝန်းကျင် ဒေသတွင်ရှိကြောင်းလည်း သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...