ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ဖြစ်ပေါ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ တပ်ဖွဲ့များနှင့် မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် ဒေသအသီးသီးမှ ပေးပို့သော ကူညီထောက်ပံ့မှု ပစ္စည်းများ ယနေ့အချိန်ထိ မရောက်ရှိသေးကြောင်း သိရသည်။
ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များအတွက် လိုအပ်သည့် စားသောက်နေ ထိုင်ရေးနှင့် အဝတ်အထည်များကို ဒေသအသီးသီးမှ ကရင်လူငယ်များ၏ စုပေါင်း ကောက်ခံ လှူဒါန်းမှုပြုထားသော ပစ္စည်းများ သည် ပဲခူးတိုင်း ကျောက်ကြီးမြို့တွင်သာ ရောက်ရှိနေသေးပြီး တပ်မတော်မှ သွားလာခွင့်မပေးသောကြောင့် ပစ္စည်းများ မှာ သက်ဆိုင်ရာ စစ်ဘေးရှောင်များထံသို့ မရောက်ရှိနိုင်သေးခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများထံမှ သိရသည်။
၎င်းက “ထောက်ပံ့ပစ္စည်းတွေကို မပို့ရသေးဘူး။ လမ်းမှ မဖွင့်တာ ဘယ်ပို့တတ်မလဲ။ ကျနော်တို့ ဆီမှာတော့ ကားတစ် စီးစာတော့ ရှိတယ်။ အခြားနေရာမှာလည်း အများကြီး ရှိသေးတယ်။ အများစုက ရန်ကုန်တို့၊ ပုသိမ် မြောင်းမြတို့ ဒီပဲခူး တို့ ပါတာပေါ့။ ပစ္စည်းတွေက ပြီးခဲ့တဲ့ တစ်လကတည်းက ရောက်နေတာ”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် အစားအသောက် ဆေးဝါးနှင့် အမိုးအကာ၊ အဝတ်အစား ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ ကရင်လူငယ်များမှ အချင်းချင်း ချိတ်ဆက်၍ အလှူငွေများနှင့်တကွ အထောက်အကူ ပြုပစ္စည်းများကို ကောက်ခံစုစည်း၍ သက်ဆိုင်ရာ ဒေသသို့ သွားရောက်ပို့ဆောင်ပေးထားခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ အထောက်အပံ့ပစ္စည်းများမှာ ကျောက်ကြီးမြို့ရှိ KNU ဆက်ဆံရေးရုံးနှင့် နေအိမ် တချို့သို့ သက် ဆိုင်ရာ ကရင်လူငယ်များမှ သွားရောက်ပို့ဆောင်ထားပြီးဖြစ်သော်လည်း တိုက်ပွဲကြောင့် တပ်မတော်ဘက်မှ သွားလာမှု များကို ကန့်သတ်ပိတ်ဆို့ထားမှုကြောင့် ပစ္စည်းများကို မပို့ဆောင်နိုင်သေးဘဲ ၎င်းအတွက် KNU ဘက်မှ ညှိနှိုင်းဆောင် ရွက်မှုများ ပြုလုပ်နေသည်ဟု ပြောဆိုထားသည်။
လက်ရှိတွင် ၎င်းညှိနှိုင်းဆွေးနွေးမှု ကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေနှင့် လတ်တလောအပေါ် မေးမြန်း ရန် သက်ဆိုင်ရာ KNU ဗဟို ခေါင်းဆောင်များကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ကရင်ပြည်နယ် ဖာပွန်ဒေသနှင့် ပဲခူးတိုင်းကျောက်ကြီးဒေသတို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း KNU လက်အောက်ခံ တပ်ဖွဲ့များနှင့် တပ်မတော်တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ ခြင်းကြောင့် ထောင်နှင့်ချီသည့် ဒေသခံများမှ ဘေးလွတ်ရာတောတောင်ထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ပစ်ခတ်မှုများမကြာခဏ ဖြစ်ပွားနေဆဲဖြစ်ကြောင်းနှင့် ၎င်းပစ်ခတ်မှုများကြောင့် ဒေသခံ စစ်ဘေး ရှောင်များ မိမိနေရပ်မပြန်နိုင်ကြသေးသလို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်နေ့ကလည်း ပစ်ခတ်သံများကြောင့် နောက်ထပ် ကျေးရွာ ၃ရွာမှ ရွာသူရွာသားများမှာ ကြောက်လန့်ထွက်ပြေးနေရကြောင်း KNU သတင်းပြန်ကြားရေးဌာန က ဖော်ပြထားသည်။
Published
Monday, February 15, 2021
ကရင်စစ်ရှောင်များထံ ယနေ့အချိန်အထိ အထောက်အပံ့ပစ္စည်းများ မရောက်ရှိသေး







