ဆိုးရွားသည့် စစ်အုပ်ချုပ်ရေးစနစ်အောက်တွင် ကျရောက်နေရခြင်းသည် ဒီမိုကရေစီနည်းလမ်းမှ သွေဖည်နေပြီး တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း လုံးဝ အဟန့်အတားဖြစ်စေသည့်အတွက် အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းသွားရန် ညီညွတ်စွာဖြင့် တွန်းလှန်ဖြိုဖျက်ရန် အချိန်ကျရောက်ပြီဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သည့် ၇၃နှစ်မြောက် ကရင်အမျိုးသားနေ့အတွက် ပေးပို့သော သဝဏ်လွှာထဲတွင် ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ထိုသို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
“စစ်တပ်၏ အာဏာသိမ်းမှုသည် ကရင်အမျိုးသားအစည်းအရုံးကဲ့သို့ပင် တိုင်းရင်းသားလူမျိုးများအားလုံး၏ ရည်မှန်း ချက်ပန်းတိုင်ဖြစ်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ ကြိုးပမ်းဆောင်ရွက်ရန်တို့နှင့် လုံးဝ ဆန့် ကျင်ဘက်ဖြစ်နေပါသည်။ တိုင်းရင်းသားလူမျိုးများအနေဖြင့် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်၏ အုပ်ချုပ်မှု အောက်တွင် ကျရောက်နေခြင်း၊ အခြားသော မျိုးနွှယ်စုများအနေဖြင့်လည်း ဆိုးဝါးလာသည့် စစ်အုပ်ချုပ်ရေးစနစ် အောက်တွင် ကျရောက်နေခြင်းသည် ဒီမိုကရေစီနည်းလမ်းမှ သွေဖည်နေပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း လုံးဝ အဟန့်အတားဖြစ်စေပါသည်။ ထို့ကြောင့် အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းသွားရန်အတွက် ညီညွတ်စွာဖြင့် တွန်းလှန်ဖြို ဖျက်ရန် အချိန်ရောက်ပြီဖြစ်ပါသည်”ဟု ကေအဲန်ယူ ဥက္ကဋ္ဌက ပြောသည်။
ထို့အပြင် ကရင်လူမျိုးများအနေဖြင့် မည်သည့်နေရာ၊ မည်သည့်အခန်းကဏ္ဍ၊ မည်သည့်နိုင်ငံများ၌ ရှိနေသည်ဖြစ်ပါစေ မိမိတို့လူမျိုးစု၏ ဖိနှိပ်ခံရခြင်းမှ လွတ်မြောက်နိုင်ကြပြီး အခြားသော တိုင်းရင်းသားလူမျိုးများလည်း အတူတကွ တိုးတက်ဖွံ့ဖြိုးရန်တတ်စွမ်းသမျှ အခွင့်အခါသင့်သမျှ ချိတ်ဆက်ပါဝင်သင့်ပြီဖြစ်ပါသည်ဟု ဥက္ကဌ စောမူတူးစေးဖိုးက ဆက်လက်ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သည့် ၇၃နှစ်မြောက် ကရင်အမျိုးသားနေ့ ဂုဏ်ပြုအထိမ်းအမှတ်အနေဖြင့် ရန်ကုန်တိုင်း အပါအဝင် ဒေသအသီးသီးရှိ ကရင်လူငယ်များသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခြင်း လှုပ် ရှားမှု အစီအစဉ်များ လုပ်ဆောင်သွားမည်ဟု သိရသည်။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် မြန်မာတစ်ပြည်လုံးရှိ ကရင်လူထု လေးသိန်းကျော်က နိုင်ငံရေးကြွေးကြော် သံ ၄ချက်ဖြင့် မြို့ပေါ်တက်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်။ ၁၉၅၃ခုနှစ်၊ နိုဝင်ဘာလတွင် ဖာပွန်မြို့၌ ကျင်းပခဲ့သော ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်၌ ဖေဖော်ဝါရီလ ၁၁ရက်နေ့ကို ကရင်အမျိုးသားနေ့ဟု သတ်မှတ်သွားရန် တညီတညွှတ်တည်း အတည်ပြုခဲ့ကြသည်။







