မကြာတော့မီ ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်မယ့် တတိယအကြိမ် လွှတ်တော်အသီးသီးရဲ့ ပထမပုံမှန်အစည်းအဝေးေတွမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းခြင်းေတွ လုပ်ဆောင်မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၁၁ မွန်းလွဲပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနဲ့လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)မှာ အဲဒီလို ပြောဆိုလိုက်တာပါ။
ဒါ့အပြင် နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာ အတည်ပြုခြင်းလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက္မှာဖြစ်ကြောင်း ဦးတီခွန်မြတ်က အစည်းအဝေးမှာ ပြောဆိုတယ်လို့ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးေတွကို ဖေဖော်ဝါရီ ၁ မှာ ကျင်းပဖို့ ဖိတ်ကြားထားကြောင်း၊ ဇန်နဝါရီ ၂၃ ထက္မစော ၂၄ ရက်ထက် နောက္မကျစေဘဲ နေပြည်တော်ကို ရောက်ရှိသတင်းပို့ကြဖို့ လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ယူထားတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို လာမယ့် ဖေဖော်ဝါရီ ၅ မှာ စတင်ဖို့လျာထားကြောင်း လွှတ်တော်နာယကက ဆိုပါတယ်။
ဗဟိုကော်မတီနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း အစည်းအဝေးမှာ ယခင်လွှတ်တော်အတွေ့အကြုံများအပေါ် မူတည်ပြီး ပိုမိုသင့်လျော်ကောင်းမွန်တဲ့ လုပ်ငန်းအစီအမံတွေနဲ့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းအတိုင်း တတိယအကြိမ်လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန်ကလည်း တတိယအကြိမ်လွှတ်တော်အစည်းအဝေးများကျင်းပချိန်မှာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောဆိုခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ ဒီအစည်းအဝေးကို ပြန်ကြားရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျန်းမာရေးနှင့်အားကစား၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြတယ်လို့ ပြည်ထောင်စုလွှတ်တော် ထုတ်ပြန်ချက္မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံများ - ပြည်ထောင်စုလွှတ်တော်



