ဖာပွန်ဒေသတွင် ဒေသခံများထပ်မံ ဆန္ဒပြ၊ နိုင်ငံရေးအရ ဖြေရှင်းမှုပြုလုပ်ပေးရန် တောင်းဆို

ဖာပွန်ဒေသတွင် ဒေသခံများထပ်မံ ဆန္ဒပြ၊ နိုင်ငံရေးအရ ဖြေရှင်းမှုပြုလုပ်ပေးရန် တောင်းဆို

စအိုင်ဆူး — KNU -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်သည့် မူတြော်(ဖာပွန်)ခရိုင် ၊ ဒွယ်လိုးမြို့နယ်ရှိ ကျေးရွာအုပ်စု လေးအုပ်ပါဝင်သော ဒေသခံများသည် ယနေ့ (ဇန်နဝါရီလ ၆ ရက်)တွင် လှည့်လည် ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြောင်း သိရသည်။

လတ်တလော တပ်မတော် နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တို့အကြားဖြစ်ပွား နေသည့် စစ်ရေးတင်းမာမှုများကြောင့် ကြုံတွေ့နေရမှုများ နှင့် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ၊ လမ်း ဖောက်လုပ်မှုများအပြင် အကြောင်းမဲ့ ပစ်ခတ်ခံရမှုများအပေါ် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ဆိုသည်။

ဒွယ်လိုးမြို့နယ်မှ မဲဝယ်၊ မဲသူ၊ လေးခေါ်ထိ နှင့် နားကိုခီး စသည့် ကျေးရွာအုပ်စု လေးအုပ်စုမှ ဒေသခံ ကျေးရွာ သား စုစုပေါင်း တစ်ထောင်(၁,၀၀၀)ကျော် ပါဝင်၍ ကားလမ်းဖောက်လုပ်မှုကို လက်မခံကြောင်း၊ တပ်မတော် စစ်အင်တားဖြည့်တင်းမှုကို ရပ်တန့်ရန်၊ တပ်စခန်းများကို ပြန်လည်ရုပ်သိမ်းရန်၊ ဒေသခံကျေးရွာများအပေါ် စုံစမ်း ထောက်လှမ်းမှုများမပြုလုပ်ရန် နှင့် လွတ်လပ်စွာ နေထိုင်ခွင့်ရှိရန် ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြ သည် ဟု KNU ပြန်ကြားရေးဌာန၏ သတင်းစာမျက်နှာ၌ ဖော်ပြထားသည်။

ထို့အပြင် လတ်တလော ဒေသခံများ ကြုံတွေ့နေရသည့် ဘေးဒုက္ခကိစ္စရပ်အများအပေါ် သက်ဆိုင်ရာ KNU နှင့် တပ်မတော်၊ အစိုးရ တို့အနေဖြင့် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှု ပြုလုပ်ပေးရန်အပြင် ကမ္ဘာ့ကုလသမဂ္ဂ အပါ အဝင် အပစ်ရပ်စာချုပ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတကာ အသိသက်သေများထံသို့လည်း KNU အနေဖြင့် တင်ပြတောင်းဆို၍ အစိုးရနှင့် တပ်မတော်အပေါ် ဖိအားပေးမှုများပြုလုပ်ပေးရန်ကိုပါ ဒေသခံများမှ ကြွေးကြော်ခဲ့ ကြသည်ဟု ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ရက်နေ့တွင်လည်း အစိုးရ စစ်တပ်လမ်းဝင်ရောက်ဖောက်လုပ်ခြင်းကို အလိုမရှိကြောင်းနှင့် တပ်စခန်းများ ပြန်လည်ရုပ်သိမ်းပေးရေးအတွက် မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ရှိ ဒေသခံ တစ်သောင်းကျော်သည် နေရာ ၃ နေရာခွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ကစ၍ ဖာပွန်ဒေသတွင် တပ်မတော်နှင့် KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များအ ကြား ထိတွေ့ပစ်ခတ်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ကာ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသလို အလားတူ KNU တပ်မဟာ (၁)နှင့် တပ်မဟာ(၃)တို့တွင်လည်း တပ်မတော်နှင့် နယ်ခြားစောင့်တပ်(BGF)တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုများဖြစ်ပေါ်လျက်ရှိသည် သိရသည်။

လတ်တလော ဖြစ်ပွားနေသည့် KNU နှင့် တပ်မတော်အကြား တကျော့ပြန် စစ်ရေးတင်းမာမှုများသည် ယခင်နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးထားသည့် NCA အပစ်ရပ် သဘောတူ စာချုပ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မှုအားနည်းခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

ဖာပွန်ဒေသတွင် တပ်မတော်အပေါ် ဆန့်ကျင်သော ဆန္ဒဖော်ထုတ်မှုများကို ယခုနှစ် ၂၀၂၀ ခုနှစ်အတွင်း လက်ရှိ ဆန္ဒဖော်ထုတ်မှု အပါအဝင် သုံးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

အလားတူ ဒီဇင်ဘာလ ၂၃ရက်နေ့က ထုတ်ပြန်သည့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၏ ထုတ်ပြန်ချက်၌လည်း တပ်မတော် တပ်စခန်းများ ရုပ်သိမ်းရေး လူထုလှုပ်ရှားမှုများကို လာမည့် နှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိထားသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...