KNU တပ်မဟာ(၁)တွင် စစ်ရေးပြန်လည်တင်းမာလာမည်ကို ဒေသခံများစိုးရိမ်နေ

KNU တပ်မဟာ(၁)တွင် စစ်ရေးပြန်လည်တင်းမာလာမည်ကို ဒေသခံများစိုးရိမ်နေ

နန်းဝေဖြိုးဇာ — KNU သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေတွင် ဇန်နဝါရီလဆန်းပိုင်း၌ ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် ၎င်းနယ်မြေဒေသရှိ ကျေးရွာလူထုမှာ သတိနှင့် နေထိုင်သွားလာနေရပြီး စစ်ရေးပြန်လည်တင်းမာလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံ ရွာသူရွာသားများက ကေအိုင်စီသို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါဒေသအတွင်းရှိ အချို့ကျေးရွာများရှိ ဒေသခံများမှ မိမိတို့၏လုံခြုံရေးနှင့် အသက်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အိမ်အောက်ရှိ ဗုံးခိုကျင်းများလည်း ကြိုတင်တူးထားနေပြီးဖြစ်ကြောင်း ရွာသူတစ်ဦးက ယခုလို ပြောသည်။

အမည်မဖော်လိုသူ ၎င်းရွာသူက “ဒီလအတွင်းမှာ ပစ်ခတ်မှုနည်းနည်းရှိလာတော့ တချို့က ခဏ ထွက်ပြေးတိမ်းရှောင် တာ ရှိတယ်။ အခု နည်းနည်းငြိမ်သွားပြီး။ ဒါပေမယ့် အခြေအနေက စိတ်ချလို့ မရသေးဘူး။ ကျမတို့နေတဲ့ ကျေးရွာမှာ ဆိုရင် အိမ်တော်တော်များများက ကတုတ်ကျင်းတွေ တူးထားတယ်။ သွားလာရင်လည်း စိတ်ချလက်ချတော့ မသွားရဲ ဘူးပေါ့။ အခြေအနေက ငြိမ်လာမလား၊ ဆိုးလာမလား ဘယ်လိုရှိလာမလဲ မသိဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ်စတွင် ၎င်းဒေသအတွင်း တပ်မတော်နှင့် နယ်ခြားစောင့်တပ်အဖွဲ့ BGF ပူးပေါင်း၍ တပ်လှုပ်ရှားမှုများကို ပြန် လည်စတင်လာသည့်အတွက် ဒေသခံများအနေဖြင့် ယင်းသို့ စိုးရိမ်မှု မြင့်တက်လာခြင်းဖြစ်ကြောင်းလည်း KNU သထုံ ခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ယခုလို ပြောသည်။

“တပ်အင်အားတိုးချဲ့ပြီး တပ်မဟာ(၅)နဲ့ တပ်မဟာ(၁)အစမှာ အနည်းအကျဉ်း လှုပ်ရှားမှု ပိုရှိလာတယ်ပေါ့နော်။ အခု BGF နဲ့ တပ်နဲ့ပေါင်းပြီး မြစ်ကျိုးမှာ အင်အားချဲ့ပြီး တက်တာရှိတယ်။ တပ်သားတချို့က ပြန်လာတယ်။ ဒါပေမယ့် တချို့က ကျန်သေးတယ်။ ပြီးတော့ အခု တစ်ရက်နှစ်ရက်မှာလည်း တပ်ဘက်က စုံစမ်းထောက်လှမ်းတဲ့ပုံစံနဲ့ ဒရုန်း တွေ ပြန်ထပ်လွှတ်တာ ရှိတယ်။”ဟု ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။

KNU သထုံခရိုင်/တပ်မဟာ(၁) တာဝန်ရှိသူများ၏ ပြောဆိုချက်အရ ခရိုင်ရုံးအနီးတစ်ဝိုက်တွင် တပ်မတော်ဘက်မှ ဒရုန်း နှင့် အသုံးပြု၍ နေ့ခင်းဘက်အပြင် ညဘက်တွင်လည်း မကြာခဏ စုံစမ်းထောက်လှမ်းမှုရှိသည့်အတွက် အဆိုပါကိစ္စကို ဖြေရှင်းပေးရန်အတွက် ပြည်နယ် JMC ထံ တင်ပြတောင်းဆိုသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ထူးခြားလာခြင်း မရှိသလို တပ်မတော်ဘက်မှ ဒရုန်းနှင့် စုံစမ်းထောက်လှမ်းမှု ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဆိုသည်။

၎င်းနယ်မြေအတွင်းရှိ ကျသောင်းဆိပ်(ယိုကလား)ကျေးရွာရှိ ဘုန်းကြီးကျောင်းဧရိယာတွင် စခန်းချနေထိုင်သည့် BGF တပ်စခန်းကို ပြန်လည်ရုပ်သိမ်းရန် KNDO တပ်ရင်း(၂)က ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် စာပို့တောင်းဆိုခြင်း ရှိသ လို ဇန်နဝါရီလ ၂ရက်နေ့ကလည်း အဆိုပါတပ်စခန်းကို KNLA ဘက်က သွားရောက်ပစ်ခတ်သဖြင့် နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း နယ်မြေခံတာဝန်ရှိသူများနှင့် ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...