နေနော် — ထိုင်းနိုင်ငံအတွင်း တကျော့ပြန် ကူးစက်မှုပျံ့နှံ့လာသော Covid-19 ဂယက်ကြောင့် ခရိုင်ချင်း ဆက်သွားလာမှုကို ကန့်သတ်ထားရာ နေရပ်ပြန် မြန်မာလုပ်သားများအား တာ့ခ်ခရိုင်မှဖြတ် ကျော်သွားခြင်းမပြုရန် ခရိုင်အုပ်ချုပ် ရေးမှူးက တားမြစ်ထားသော်လည်း မြဝတီ တဖက် ခြမ်း ထိုင်းနယ်စပ် မဲဆောက်ဒေသတွင် လုပ်ကိုင်နေသူမြန်မာ လုပ်သားများမှာ ထိုင်း-မြန်မာ အမှတ်၂ တံတားမှတဆင့် လူဦးရေ ဆယ်ဂဏန်းမျှ နေ့စဉ်နေရပ်သို့ ပြန်လာ နေဆဲဖြစ်ကြောင်း သိရသည်။
မြဝတီ-မဲဆောက် ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားတွင် နေရပ်ပြန် မြန်မာလုပ်သားများအား ကြိုဆိုလက်ခံရေး၊ စီစဉ်ပို့ဆောင်ရေးအတွက် Volunteer အဖြစ်ဆောင်ရွက်နေသူ မြဝတီ အ.ထ.က မှ ကျောင်း အုပ်ဆရာကြီး ဦးမိုးကျော်က ထိုင်းဘက်ခြမ်းအတွင်းပိုင်းနှင့် တာ့ခ်ခရိုင်ဘက်တွင် ကုန်စည်စီး ဆင်းမှုမှအပ ခရိုင်ချင်းဆက် ဖြတ်သန်းသွားလာမှုကို ကန့်သတ်ထားသော်လည်း မြဝတီတဖက်ကမ်း ထိုင်းနယ်စပ် မဲဆောက် ဒေသ၌ ဖမ်းဆီးခံရသူများနှင့်ကိုဗစ်ကြောင့် လုပ်ငန်းခွင်ရပ်ဆိုင်းခံရ၍ မဖြစ်မနေပြန်လာ ရသူများမှာ နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း ပြောသည်။
၎င်းက“သတ်မှတ်ထားတဲ့ကန့်သတ်ချက်တွေရှိပေမဲ့လည်း နေရပ်ပြန်လာသူတွေရှိပါတယ်။ တာ့ခ်ခရိုင်ဖြတ် ကျော်သွားလာခွင့်ပိတ်ထားပေမဲ့ မဲဆောက်မြို့နယ်ထဲက လယ်ယာလုပ်ငန်းခွင်မှာ လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။ သူတို့က ကိုဗစ်ကြောင့် လုပ်ငန်းရပ်သွားတဲ့အတွက်ကြောင့် ပြန်လာတာလည်းတွေ့ရတယ်။ အထူးသဖြင့် နေ့စဉ်လိုလိုပါလာတာကတော့ပြန်လာသူတွေထဲမှာ အဖမ်းခံရသူတွေနေ့တိုင်းတွေ့ရပါတယ်။”ဟု ပြောသည်။
ထို့အပြင် အဖမ်းခံရပြီး ပြန်ပို့ခံရသူအချို့မှာ ထိုင်းဘက်ကို ပြန်သွားလိုကြပြီး အကယ်၍ တရားမဝင် လမ်းကြောင်းဖြင့် သွားမည်ဆိုပါက ထပ်မံ အဖမ်းခံရပြီး ပြန်ပို့ခံရမှာဖြစ်ကြောင်း၊ ထိုင်းဘက်ခြမ်းတွင် နည်းလမ်းမျိုးစုံဖြင့် လိုက်လံဖမ်းဆီးနေသည့်အတွက် မိမိနေရပ်ကိုသာ ပြန်သွားကြရန်အသိပေးပြောကြားမှုများ လုပ်ဆောင်နေရကြောင်းလည်း ဆရာ ဦးမိုးကျော်က ဆက်ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မယ်ရမတ် ဒေသလယ်ယာလုပ်ငန်းခွင်မှ နေရပ်မြန်မာနိုင်ငံသို့ပြန်လာသူ ကိုသန်းအောင်က “ထိုင်းဘက်မှာ လုပ်ရတာကတော့ လယ်ယာလုပ်ငန်းခွင်မှာပါ။ ကလောဥတူး၊ ငရုပ်ခူး၊ ပြောင်းစိုက်၊ စပါးစိုက်ပေါ့ ၊ ကိုဗစ်ကို ကြောက်တာထက် အမေ့ကိုလွမ်းလို့ ပြန်လာခဲ့တာပါ။ မိဘတွေနဲ့ဝေးရာမှာမနေချင်တော့ဘူးလေ၊ ကျနော်တို့နေတဲ့ မယ်ရမတ်ဘက်ကတော့ အချိန်မရွေးပြန်လို့ရပါတယ်။ တံတားတော့မပိတ်ပါဘူး” ဟုပြောသည်။
ထိုင်းနိုင်ငံအတွင်း ဇန်နဝါရီလ ၂ ရက်နေ့က Covid-19 ကူးစက်သူတစ်ရက်တည်း ၃၀၀ ကျော်ရှိခဲ့ပြီး တစ်နိုင်ငံ လုံး၌ ကူးစက်မှု ၇,၀၀၀ ကျော်ရှိလာသည့်အတွက် အသွားအလာကန့်သတ်ထားမှု အချို့ရှိလာကြောင်း သိရသည်
တရုတ်နိုင်ငံဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် Covid -19 ကမ္ဘာ့ကပ်ရောဂါဂယက်ကြောင့် မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့ကတည်းက ပိတ်ထားပြီး အမှတ်(၂)ချစ်ကြည်ရေးတံတား တစ်ခုတည်းကိုသာ ကုန်သွယ်မှုကိုမထိခိုက်စေဘဲ ခရီးသွားလာခွင့်ကို ကန့်သတ်ကာ နေရပ်ပြန်များ အားကြိုဆိုလက်ခံခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ၂၃ရက်မှ ဒီဇင်ဘာလကုန်ထိ နေရပ်ပြန်လာသူ လူဦးရေ ၁၄၀,၀၀၀ ကျော်ထိ ရှိလာပြီးဖြစ်သည်။
ယခုအခါ ထိုင်းနိုင်ငံအတွင်းပိုင်းနှင့် တာ့ခ်ခရိုင်အား ဖြတ်ကျော်သွားလာခြင်းကို ကန့်သတ်ထား၍ နေရပ်ပြန်လာ သူလျော့နည်းနေသော်လည်း ကန့်သတ်မှုဖြေလျှော့သည့်နေ့၌ မြန်မာလုပ်သားအများအပြားနေရပ် မြန်မာနိုင်ငံတွင်းသို့ ပြန်လာလိုကြကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။







