လာမည့်အစိုးရ ၅နှစ်သက်တမ်းတွင် တိုင်းရင်းသားအရေး ဦးစားပေးမည်ဟု ကရင်လွှတ်တော် ဥက္ကဌပြော

လာမည့်အစိုးရ ၅နှစ်သက်တမ်းတွင် တိုင်းရင်းသားအရေး ဦးစားပေးမည်ဟု ကရင်လွှတ်တော် ဥက္ကဌပြော

စောရှား —လာမည့် အစိုးရ ၅နှစ်သက်တမ်းတွင် လွှတ်တော်၌ တိုင်းရင်းသားအရေးကိစ္စများအတွက် ဦးစားပေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကရင်ပြည်နယ်၏ လွှတ်တော်ဥက္ကဌ စောချစ်ခင်က ကေအိုင်စီသို့ ယခုလို ပြောသည်။

“တိုင်းရင်းသားအရေးကို လွှတ်တော်မှာ တင်ပြလာမယ်ဆိုရင်တော့ ကျနော်တို့ ဦးစားပေးဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ တိုင်းရင်းသားတွေ တင်ပြသမျှ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးမယ်။ တင်ပြဖို့တော့ အရေးကြီးတာပေါ့နော်။ မတင်ပြရင် လုပ်ပေးလို့ မတတ်ဘူးလေနော်။”ဟု ဒီဇင်ဘာလ ၁၈ရက်နေ့က ပြောသည်။

ယခု ကရင်ပြည်နယ်လွှတ်တော်သက်တမ်း ၅နှစ်အတွင်း တိုင်းရင်းသားအရေးကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားတို့၏ စာပေ ယဉ်ကျေးမှု၊ အလုပ်အကိုင်ရရှိရေးကိစ္စ တင်ပြခြင်းများရှိခဲ့ပြီး နောင် ၅နှစ်သက်တမ်းအတွင်း တိုင်းရင်းသားအ ရေး လုပ်စရာကိစ္စများစွာ ကျန်ရှိကြောင်း လွှတ်တော်ဥက္ကဌက ဆက်ပြောသည်။

ထို့အပြင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကိစ္စနှင့်ပတ်သက်၍ ဥက္ကဌစောချင်ခင်က “ဖက်ဒရယ်က လည်း ကျနော်တို့ဖြစ်ချင်တာကြာပြီပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျနော်တို့ ပြင်လို့မရသေးဘူး။ ဒီဟာက ကျနော်တို့ အတွက် အတားအဆီးဖြစ်တယ်ပေါ့နော်။”ဟု ထပ်လောင်း ပြောဆိုခဲ့သည်။

ကရင်ပြည်နယ်အတွက် နောင်လာမည့် အစိုးရသစ်သက်တမ်းအတွင်း တိုင်းရင်းသားအရေးအပြင် အလုပ်အကိုင် ရရှိ ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထူး ဦးစား ပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း လွှတ်တော်ဥက္ကဌ စောချစ်ခင်က ပြောသည်။

လက်ရှိအချိန်တွင် ၎င်းဦးဆောင်လျှက်ရှိသည့် ယခု လွှတ်တော်သက်တမ်းအတွင်း တိုင်းရင်းသားအရေး လုပ်ဆောင်ရာ ၌ အားရလောက်သည့် အနေအထားမရှိခြင်းကြောင့် လာမည့်သက်တမ်းတွင် ယခုထက် ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်ပေးရန်လိုအပ်ကြောင်း ပြည်နယ်အခြေစိုက် ကရင်ရေးရာကော်မတီ-KAC အတွင်းရေးမှူး စောကျော်စွာက ယခု လို သုံးသပ်ပြောဆိုသည်။

“ပထမ ၅နှစ်သက်တမ်းအတွင်း ကရင်မျိုးနွယ်စု (၇)စုကို လွှတ်တော်ထဲမှာ အတည်ပြု တင်သွင်းပေးဖို့ ပြောတာ သူ (စောချစ်ခင်)တောင် မကိုင်ရဲဘူး။ KNU အပါအဝင် လူပေါင်းထောင်သောင်း  အတည်ပြုလက်ခံထားတဲ့ အရာတစ်ခုကို သူတို့ တို့မရဲဘူးဆိုတော့ဟာ ကရင်အမျိုးသားရေး တိုင်းရင်းသားအရေး ကိုင်တွယ်ဖို့တော့ မဟုတ်လောက်သေးဘူး။ (NLD)ပါတီကို လူတွေထောက်ခံဖို့အတွက် ရုပ်ပြလောက်ပဲ ရှိဦးမှာပေါ့။”ဟု ပြောသည်။

လက်ရှိ ပြည်နယ်လွှတ်တော်ဥက္ကဌ စောချစ်ခင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ကိုယ်စားပြု၍ လှိုင်းဘွဲမြို့ နယ်ရှိ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သလို ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ၌လည်း ထပ်မံ၍ မဲအနိုင်ရရှိထားသူလည်းဖြစ်သည်။

ပြည်နယ်လွှတ်တော်၏ စွမ်းဆောင်ချက်များကို လေ့လာစုဆောင်းထားသည့် RISE အဖွဲ့၏သုတေသနပြုချက်ထဲတွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ မေးခွန်းများ မေးမြန်းမှု အားနည်းခြင်းနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများက လည်း နိုင်ငံသားနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ မေးခွန်းများကို လွှတ်တော်တွင်း အဆိုတင်သွင်းမှုမရှိသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပြီး အကြံပြုချက်အဖြစ် တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်/ဝန်ကြီးများအနေဖြင့် တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများကို ပိုမိုဆောင်ရွက်သင့်ကြောင်း ပါရှိသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...