စောမြတ်ဦးသာ — ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် အာဇာနည်ခေါင်းဆောင်များအား အလေးပြုနိုင်ရန်အတွက် ဗိမာန်နေရာအား ကျပ် ၁၄၈ ဒသမ ၅ (၁၄၈.၅) သန်း ကုန်ကျခံတည်ဆောက်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့က ပန္နက်ရိုက်ခြင်း အခမ်းအနား ကို တာဝန်ရှိသူများမှ ပြုလုပ်သွားခဲ့သည်ဟု သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂ဝ၂ဝ -၂ဝ၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် Myint & Toe Co.Ltd ကုမ္ပဏီမှ အာဇာနည်ဗိမာန်အား ဆောက်လုပ်မည်ဖြစ်ပြီး အဆောက်အဦးနေရာအား အာဇာနည်နေ့ မတိုင်ခင် ပြီးစီးနိုင်မည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
“လာမယ့်အာဇာနည်နေ့ မတိုင်ခင် ပြီးမယ်ထင်တယ်။ သိန်း ၁ ထောင် ၄ဝဝ ကျော်ခွင့်ပြုထားတယ်။ ရုပ်ထုတွေ မပါပါ ဘူးခင်ဗျာ။ အာဇာနည်အထိမ်းအမှတ် ဗိမာန်ကျောက်တိုင်တော့ ရှိမယ်။ ဆက်စပ်လမ်းတွေ မုဒ်ဦးတွေ ခြံစည်းရိုးတွေ ပါမယ်။ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို လူများများနဲ့ အလေးပြုလို့ရမယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ချိုက ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြော သည်။
ယခင်အာဇာနည်အထိမ်းအမှတ် ကျောက်တိုင်ဟောင်းမှာ အလေးပြုနိုင်သည့်နေရာ ကျဉ်းသည့်အတွက် မြို့၏အပြင်ဘက် ကားဝင်းအနီးတွင် အာဇာနည်ဗိမာန်နေရာအသစ် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး နေရာကျယ်ဝန်းမှုရှိသည့်အတွက် ဒေသခံလူထုများ ခမ်းခမ်းနားနား အလေးပြုနိုင်တော့မည်ဟု တာဝန်ရှိသူများထံမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံ စောမောင်လုကုက “အရင်နေရာက ကျဉ်းတယ်။ ခုကျယ်ကျယ်ဝန်းဝန်းလေး ပြန်လုပ် တော့ ဝမ်းသာတယ်လေ။ ခမ်းခမ်းနားနားလေး လုပ်လို့ရသွားတယ်ပေါ့နော်။ ဒါပေမယ့် အခြားမြို့နယ်တွေလိုပဲ မြို့အဝင် မုဒ်ဦး ဆိုင်းဘုတ်တွေမှာ ဖားစည်၊ ကျွဲချိုတွေလည်း လုပ်ပေးစေချင်တယ်” ဟု ဒီဇင်ဘာ ၂၁ ရက်နေ့ ကေအိုင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခင်က အာဇာနည်ကျောက်တိုင်များအား ကျေးရွာများတွင် အထိမ်းအမှတ်အဖြစ် စိုက်ထူ ထားလေ့ရှိပြီး နှစ်စဉ်အာဇာနည်နေ့ရောက်တိုင်း ကျေးရွာအသီးသီးက မြို့ပေါ်ရှိ အာဇာနည်ကျောက်တိုင်နေရာတွင် လာရောက်စုပေါင်းအလေးပြုလေ့ရှိသည်ဟု မြို့ခံများထံမှ သိရသည်။







