တရုတ်လှကျွန်းရှိ ကိုင်းမြေထက်ဝက်ကျော် ရေတိုက်စားခံရဟု ဒေသခံပြော

တရုတ်လှကျွန်းရှိ ကိုင်းမြေထက်ဝက်ကျော် ရေတိုက်စားခံရဟု ဒေသခံပြော

နန်းဝေဖြိုးဇာ — ကရင်ပြည်နယ် သံလွင်မြစ်တွင်းရှိ ကော့ကျိုက်ကျေးရွာအုပ်စု တရုတ်လှကျွန်းတွင် ဒေသခံများ လုပ်ကိုင်စားသောက် သည့် ကိုင်းမြေထက်ဝက်ကျော်မှာ ရေတိုက်စားခံရပြီးဖြစ်သည်ဟု ကျွန်းပေါ်တွင်နေထိုင်သည့် ဒေသခံများက ဒီဇင်ဘာ လ ဒုတိယပတ်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါကျွန်းပေါ်ရှိ ဒေသခံအများစုသည် အဓိကအားဖြင့် လယ်နှင့် ကိုင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်း ကြောင်းပြုကြပြီး ကျွန်းပေါ်ရှိ စိုက်ပျိုးမြေနှင့် တောင်သူများ၏ နေအိမ်တချို့ ရေတိုက်စားခံခဲ့ရသည့်အတွက် စိုက်ပျိုး လုပ်ကိုင်နေထိုင်ရန် အခက်အခဲတွေ့ခဲ့ရသလို အချို့မှာ အခြားနယ်မြေသို့ ပြောင်းရွှေ့နေထိုင်ရခြင်းလည်းရှိသည်ဟု လည်း သိရသည်။

ယခုလို ကျွန်းမြေ အများအပြားပြိုကျခြင်းသည်ကျွန်းအနီးတစ်ဝိုက်တွင် လုပ်ငန်းရှင်များ၏ နှစ်ရှည်ကြာမြင့်စွာ သဲ၊ ကျောက် ထုတ်ယူခြင်းကြောင့်ဖြစ်ပြီး ဆက်လက်ထုတ်ယူပါက ကျွန်းမြေများ ထပ်မံပြိုနိုင်မည်ဖြစ်သောကြောင့် သက် ဆိုင်ရာအစိုးရအနေနှင့် တားမြစ်လုပ်ဆောင်ပေးစေလိုကြောင်း ကျွန်းတွင်နေထိုင်သူများက ပြောသည်။

“ကျနော်တို့ကိုင်းမြေတွေ ပျောက်ကုန်တော့မယ်။ ကယ်မယ့်လူမရှိတော့ဘူး။ အစိုးရကိုလည်း ခဏခဏစာပို့တယ်။ ဘာမှ မထူးဘူး။ အပြင်လူတွေက ကျောက်လာထုတ်ပြီး ချမ်းသာသွားတယ်။ ကျနော်တို့ကတော့ ဒုက္ခရောက်သွား တယ်။ အရင်တုန်းကတော့ အာဏာရှင်ခေတ်မို့ မပြောရဲတာ။ အခုက ဒီမိုကရေစီခေတ်ရောက်တော့လဲ ဒီအတိုင်းဘဲ မပြောင်းသေးဘူး ဒီဟာကို တစ်မြစ်ပေးစေချင်တယ်။”ဟု ကျွန်းပေါ်တွင်နေထိုင်သည့် ဦးဝင်းမြင့်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သဲ၊ကျောက်ထုတ်ယူခြင်းနှင့်ပတ်သက်၍ ဖားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ပိုင်ခွင့်လိုင်စင် ချထားပေးခြင်းဖြစ်ပြီး ကျွန်းအနီးအနားတွင် ထုတ်ယူထားခွင့်ပေးသည့်အတွက် ကျွန်းမှာ ကမ်းပြိုရခြင်းဖြစ်သည်ဟု ၎င်းကျေးရွာတွင် နေထိုင်သည့် သက်ကြီးရွယ်အိုများကလည်း ပြောဆိုသည်။

ဒေသခံများအနေဖြင့် မြစ်အတွင်းမှ သဲ၊ကျောက်ထုတ်ယူခြင်းကို ရပ်ဆိုင်းပေးရန် သက်ဆိုင်ရာ အစိုးရဌာနသို့ ယခင်က ကန့်ကွက်စာတစ်ကြိမ် ပို့ထားခဲ့ခြင်းရှိသလို ၂၀၂၀၊ ဒီဇင်ဘာလ ၂ရက်နေ့ကလည်း ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ကိုင်းစိုက် တောင်သူများက အသနားခံစာ ထပ်မံ ပို့ပေးထားခဲ့သည်ဟုလည်း သိရသည်။

တရုတ်လှကျေးရွာမှာ ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ထဲတွင် ပါဝင်ရာ ထိုကိစ္စအပေါ် ၎င်းမဲဆန္ဒနယ်၏ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စောမိုးမြင့်က “အရင်တုန်းက တွေ့တာက မြစ်သဲကျောက်ထုတ်တာ ဟိုအောက်ဘက်က၊ ပြီးတော့ ထုတ်တဲ့သူတွေက ကရင်ပြည်နယ်က လူတွေမဟုတ်ဘူး။ မော်လမြိုင်က လူတွေ ဖြစ်တယ်။ အဓိကတော့ တာဝန်ယူရမယ့်လူရဲ့လုပ်ပိုင်ခွင့်တွေ၊ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း ဘာမှရှိတာမဟုတ်ဘူး။ အဲဒီလူ တွေက လာလို့ရှိရင်လည်း ဂွတွေပါတယ်။ လူတွေကို ဒုက္ခပေးတတ်တယ်။ ပစ်တဲ့အခါလည်း ရှိတယ်။ အမှန်က မော်လ မြိုင်ကလူဆိုရင် ဒီက လိုင်စင်မထုတ်ပေးရဘူးပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါကျွန်းကို တရုတ်လှ၊ ကော့လှိုက်နှင့် ဝင်းကျံ ဟူ၍ သုံးပိုင်းပိုင်းထားပြီး ဒေသခံများ၏ ကိုင်းစိုက်ပျိုးမြေများမှာ တရားဝင်မြေအခွန်ဆောင်ထားကာ လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ ကျွန်းကမ်းပါးပြိုခြင်းကြောင့် စိုက်ပျိုးမြေများ နှစ်စဉ် ဆုံးရှုံးလျှက်ရှိသည်ဟု ရွာသူရွာသားများက ပြောဆိုနေကြသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...