ရန်ကုန်မှ လေကြောင်းဖြင့်ခရီးသွားမည့်သူ ၄၀၀ ကျော်အား စစ်ဆေးရာတွင် ၁၂ ဦးမှာ ကိုဗစ်ပိုးတွေ့

ရန်ကုန်မှ လေကြောင်းဖြင့်ခရီးသွားမည့်သူ ၄၀၀ ကျော်အား စစ်ဆေးရာတွင် ၁၂ ဦးမှာ ကိုဗစ်ပိုးတွေ့

လာဘ်ရတနာဗိုလ် — ရန်ကုန်တိုင်းဒေသကြီးမှ လေကြောင်းဖြင့်ခရီးသွားမည့်သူ ၄၀၀ ကျော်အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာတွင် ၁၂ ဦး၌ ရောဂါပိုးတွေ့ရှိကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ဆိုသည်။

ရန်ကုန်တိုင်းမှ လေကြောင်းဖြင့် ခရီးသွားမည့်သူများအား ဒီဇင်ဘာ ၁၅ရက်နှင့် ၁၆ရက်တို့တွင် ကျောက်တံတားမြို့နယ်ရှိ Tourist Burma အဆောက်အအုံနှင့် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာန ၂ခု တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာမှာ ယခုကဲ့သို့တွေ့ရှိခြင်းဖြစ်သည်။

"Tourist Burma မှာ ပထမ ၁၅ရက်နေ့က စစ်လိုက်တာ ၇၇ယောက်စစ်ပါတယ်။ အဲ့ထဲက ၁ယောက်ထွက်ပါတယ်။ ၁၆ရက်နေ့မှာဆိုလို့ရှိရင်လည်း ၁၀၇ ယောက်စစ်ပါတယ် အဲ့ဒါကလည်း ခရီးသွားထဲကပါပဲ အဲ့ထဲက ၂ယောက်ထွက်တယ်။ အောင်မင်္ဂလာကတော့ ဒီဇင်ဘာ ၁၆ရက်နေ့မှာ စလုပ်စစ်ဆေးနိုင်ပါတယ်။ အဲ့ဒီမှာဆိုလို့ရှိရင် ၁၆ရက်နေ့က စစ်လိုက်တာမှာ အားလုံး ၂၃၅ယောက်ရှိပါတယ်။ Positiveက ကိုးယောက်ထွက်ပါတယ်။ အဲ့ထဲမှာ တချို့လေကြောင်းလိုင်းက လေယာဥ်အကူတွေလည်းပဲ ပါတာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောသည်။

ပြည်တွင်း ပုံမှန်လေကြောင်း ခရီးစဉ်များအား ဒီဇင်ဘာလ၁၆ ရက်နေ့တွင် စတင်ကာ ပြန်လည် ပြေးဆွဲနေသည့်အတွက် လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် လေယာဉ်ပေါ် မတက်မီ၃၆ နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါမရှိကြောင်း ထောက်ခံစာပါရမည်ဖြစ်သောကြောင့် ယခုကဲ့သို့ စစ်ဆေးနေခြင်းဖြစ်သည်။

“အောင်မြင့်မိုရ် ကိုဗစ်-၁၉ ကုသရေးစင်တာကိုပို့ပြီး ကုသမှုခံယူစေပါတယ်။ အခုဆို စုစုပေါင်း Domestic airline တွေ ဖွင့်မှဆိုရင် အခုပို့ထားတာ အားလုံး ၁၂ယောက်ရှိပါပြီ” ဟု ရန်ကုန်တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ဆိုသည်။

လေကြောင်းခရီးဖြင့် ခရီးသွားလိုသွားသူများသည် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိ စစ်ဆေးသည့်အခါတွင် Rapid Antigen Test Kit ဖြင့် စစ်ဆေးလျှင် တစ်ဦးကိုငွေကျပ် တစ်သောင်း နှင့် ရလဒ်ပိုပြီး တိကျမှုရှိသည့် RT PCR ဖြင့် စစ်ဆေးလျှင်တစ်ဦးကို ငွေကျပ်သုံးသောင်းခွဲ ကျသင့်မည်ဖြစ်သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုး  ရှိ၊ မရှိလာရောက်စစ်ဆေးမှု ခံယူရာတွင် လေယာဉ်လက်မှတ်နှင့် မှတ်ပုံတင် ပါရမည်ဖြစ်ကြောင်းသိရသည်။  

လက်ရှိ အချိန်တွင် ရန်ကုန်တိုင်းအတွင်းရှိ ၄၄ မြို့နယ်သည် Stay at Home ဖြစ်သည့်အတွက် Stay at Home မဟုတ်သောမြို့များသို့ လေကြောင်းဖြင့် သွားလာပါက Quarantine ဝင်ရမည်ဖြစ်ပြီး လေယဉ်ပေါ်တွင် အစားအ သောက် သုံးဆောင်ခွင့်မပြုရန် နှင့်  လေယာဉ်မယ်ထိုင်သည့်ခုံနှင့် အနီးဆုံးခုံနှစ်တန်းကို ခရီးသည် တင်ဆောင်ခြင်းမရှိဘဲ အလွတ်ထားပေးရမည်ဟု ဒေါက်တာ ထွန်းမြင့်ကပြောသည်။

Stay at Home မဟုတ်သောမြို့များတွင် Quarantine ဝင်ပြီး သုံးရက်မြောက်နေ့တွင် PCR စနစ်ဖြင့် စစ်ဆေးမည်ဖြစ်ပြီး  ရောဂါပိုးမတွေ့ပါက Quarantine မှထွက်နိုင်သည်။  

PCR စနစ် ဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ RDT စနစ်ဖြင့် စစ်ဆေးရမည်ဆိုပါက ခုနစ်ရက်အကြာတွင် စစ်ဆေး မည်ဖြစ်ကာ ရောဂါကင်းရှင်းမှ သာ Quarantine မှထွက်နိုင်မည် ဖြစ်သည်။  

ရောဂါပိုးရှိ၊ မရှိ စစ် ဆေးခြင်းနှင့် ဟိုတယ် Quarantine ကဲ့သို့ ကုန်ကျစရိတ်များကို ခရီးသွားလာသူက ကျခံရမည်ဖြစ်ကြောင်းသိရသည်။

COVID-19 ကြောင့် ပြည်တွင်းလေကြောင်းလိုင်းပျံသန်းခွင့်ကို စက်တင်ဘာလ ၁၁ ရက်က စတင်ကာ ပျံသန်းခွင့်ကန့်သတ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ ပြန်လည်ပြေး ဆွဲခွင့်ပြုခဲ့သည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...