သမဂ္ဂရင်ပြင်နီဝင်းတံခါး ပိတ်ထားသည့်အတွက် အမျိုးသားနေ့တွင် တက်ရောက် ဂါရဝပြုခွင့်မရ

သမဂ္ဂရင်ပြင်နီဝင်းတံခါး ပိတ်ထားသည့်အတွက် အမျိုးသားနေ့တွင် တက်ရောက် ဂါရဝပြုခွင့်မရ
ဓာတ်ပုံ - သူရ/မဇ္ဈိမ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

နောင်နောင် - ရန်ကုန်တက္ကသိုလ်အတွင်း ပထမကျောင်းသားသပိတ် နှစ်တရာပြည့် အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် သမဂ္ဂရင်ပြင်ကို ချီတက်ဂါရဝပြုရန် စီစဉ်ခဲ့သော်လည်း သမဂ္ဂရင်ပြင် အဆောက်အဦးဝင်းနေရာကို သော့ခတ်ပိတ်ထားသည့်အတွက် တက်ရောက်ဂါရဝပြုခွင့်မရခဲ့ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတာဝန်ရှိသူများက ပြောသည်။

သမဂ္ဂရင်ပြင်ဝင်းတခါးပိတ်ထားရန် တိုင်းအစိုးရက ညွန်ကြားထားခြင်းဖြစ်ပြီး သမဂ္ဂအဆောက်အဦးမြေနေရာအတွင်း စိုက်ထူရန် စီစဉ်ထားသည့် သမဂ္ဂရင်ပြင်နီ ကျောက်တိုင်ကို ဖြိုဖျက်ပြီးမှသာ ရင်ပြင်နီတံခါး ဖွင့်ပေးမည်ဟု ရန်ကုန် တက္ကသိုလ် တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုညီဇော်က ပြောသည်။

“တိုင်းအစိုးရ ကိုယ်တိုင်က ဒါကိုသော့ခတ်ထားတာ ဖြစ်တဲ့အတွက် တိုင်းအစိုးရက ဖွင့်ပေးမှသာ ဒီဟာက ဖွင့်လို့ရမယ်ဆိုတဲ့အနေအထားမျိုး ပြောတာရှိတယ်။ ပြီးတော့ ကျောင်းအုပ်ချုပ်ရေးကတစ်ဆင့် သိရတာကတော့ ဒီမှာလုပ်ခဲ့တဲ့ ကဗျည်းကျောက်တိုင်တွေ၊ ဒီလုပ်ငန်းတွေကို ဖျက်ပေးမယ်ဆိုရင် ဒီတခါးကို ပြန်ဖွင့်ပေးမယ်ဆိုတဲ့ သဘောမျိုး ပြောလာတာ ရှိတယ်။ ” ဟု ကိုညီဇော်က ပြောသည်။

ပထမကျောင်းသားသပိတ် နှစ်၁၀၀ပြည့်အထိမ်းအမှတ် ဂါရဝပြုနိုင်ရန်အတွက် ရင်ပြင်နီဝင်းတံခါးဖွင့်ပေးရန် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်သည့် ရန်ကုန်တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးအတွင် ကျောင်းတာဝန်ရှိသူများနှင့် သမဂ္ဂတာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အဆင်ပြေမှု မရရှိခဲ့ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူများက ပြောသည်။

သမဂ္ဂအဆောက်အဦးမြေနေရာအတွင်း စိုက်ထူနေသည့် “သမဂ္ဂရင်ပြင်နီ” ဆိုင်းဘုတ်နှင့် ကမ္ပည်းကျောက်တိုင် တို့ကို ဖျက်ပေးမည် မဟုတ်ကြောင်းနှင့် စိုက်ထူသည့် လုပ်ငန်းစဉ်များအားလုံးပြီးဆုံးသည်အထိ လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း ကိုညီဇော်က ဆက်ပြောသည်။

“တိုင်းအစိုးရက တောင်းဆိုသလိုမျိုး ရှိနေတာတွေ ဖျက်ပြီးမှ တံခါးပြန်ဖွင့်ပေးမယ် အခြေအနေမျိုးတော့ လက်မခံဘူး။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ဟာတွေကိုလည်း ဘယ်လိုအကြောင်းနဲ့မှ ဖျက်ပေးမှာ မဟုတ်ဘူး။” ဟု ကိုညီဇော်က ပြောသည်။

သမဂ္ဂရင်ပြင်နီနေရာကို သမိုင်းဝင်အထင်ကရ နေရာတခုအဖြစ် လူအများ သိရှိစေရန်ရည်ရွယ်ပြီး “သမဂ္ဂရင်ပြင်နီ” ဆိုင်းဘုတ်နှင့် ကမ္ပည်းကျောက်တိုင်ရေးထိုးရန် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိမှာ ရပ်နားထားရသည်။

ကိုလိုနီနယ်ချဲ့ လက်အောက်ခံဘဝ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်(တန်ဆောင်မုန်းလပြည့်ကျော် ၁၀)ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများက ရန်ကုန်တက္ကသိုလ်အက်ဥပဒေမူကြမ်းကို သပိတ်မှောက် ဆန္ဒပြခဲ့ကြရာမှ အစပြုကာ “အမျိုးသားနေ့” ပေါ်ပေါက်လားခြင်းဖြစ်ပြီး ယနေ့ (ဒီဇင်ဘာလ ၉ ရက်) နေ့တွင် နှစ်၁၀၀ပြည့်ခဲ့ပြီ ဖြစ်သည်။

ဓာတ်ပုံ - (ENWA) နန်းယွန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းဆောင် တစ်ခုကို တွေ့ရစဉ်
August 13, 2026
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် စာသင်ကျောင်း ၄၀ ကျော်...
ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...