မွန်ပြည်နယ် COVID-19 ကူးစက်မှု များပြားလာနေ

မွန်ပြည်နယ် COVID-19 ကူးစက်မှု များပြားလာနေ

မွန်ပြည်နယ်အတွင်း COVID-19 ကပ် ရောဂါကူးစက်မှု တိုးမြင့်လာနေပြီး ပိုးတွေ့လူနာနှင့် ထိတွေ့ ခဲ့သူများကို ရောဂါစစ်ဆေးရာတွင်လည်း ထက်ဝက်ခန့်တွင် ပိုးထပ်မံတွေ့ ရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။

“အရင်က ပိုးတွေ့တယ်ဆိုပေမယ့် လက္ခဏာမပြဘူး၊ အခုက လက္ခဏာပြလာတယ်ဆိုတော့ ထင်ထင်ရှားရှား သိလာတယ်၊ ဆက်စပ်ထိတွေ့ခဲ့သူတွေလည်း ပိုများလာတယ်၊ ထိတွေ့သူတွေ (contact) တွေကို စစ်လိုက်တဲ့ အခါမှာလည်း တစ်ဝက်လောက်က ပိုးပြန်တွေ့တယ် ဆိုတော့ ရောဂါကူးစက်မှုအရှိန်က မြန်နေတယ်လို့ ပြော လို့ရတယ်။”

မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်မြို့နယ်၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် နိုဝင်ဘာလ လဆန်း ပိုင်းခန့်မှ စပြီး COVID-19 ပိုးတွေ့လူနာ သိသိသာသာမြင့်တက်လာကြောင်း ပိုးတွေ့လူနာအများစုသည် အနံ့မရသည့် လက္ခဏာပြသူများဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ တစ်ရက်တည်း၌ပင် ကိုဗစ်ရောဂါကူးစက်လူနာ ၁၄၃ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ ခဲ့သူ ရာနှင့်ချီရှိနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

လက်ရှိတွင် ပြည်နယ်အတွင်း COVID-19 အတည်ပြုလူနာ များပြားလာသည့်အတွက်ကြောင့် အတည်ပြု လူနာ များကို ကုသပေးသည့်နေရာကိုလည်း မော်လမြိုင်မြို့ အပြင် သထုံမြို့တွင်လည်း ကုသရေးနေရာ ထပ်မံ တိုးချဲ့ ထား ရသည်။

သထုံမြို့ တွင်  ဒီဇင်ဘာလဆန်းပိုင်း က ထပ်မံတိုးချဲ့ထားသည့် COVID-19 ကုသရေးနေရာတွင် သထုံခရိုင်ရှိ မြို့နယ် ၄ မြို့နယ်တို့မှ သာမာန်ပိုးတွေ့လူနာများကို ထားရှိကုသသွားမည်ဟု သထုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းဦး က ပြောသည်။

“သထုံမှာက အသက် ၅၀ အောက်၊ အသက် ၅ နှစ်အထက်တွေပဲ ထားမှာ၊ အသက် ၅၀ နှစ်အထက်နဲ့ ၅ နှစ် အောက်ကတော့ မော်လမြိုင်ကို ပို့မယ်၊ ပြီးတော့ ရောဂါအခံရှိတဲ့သူတွေ၊ နည်းနည်းအရေးကြီးတဲ့လူနာတွေကို မော်လမြိုင်ဆေးရုံကြီးကိုပဲ ပို့မယ်၊ ဒီမှာကတော့ သာမန်ကိုဗစ်အတည်ပြုလူနာတွေလောက်ပဲ စောင့်ကြည့်ဖို့ ထားမယ်။”

COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် အနံ့မရသူများ ရောဂါလက္ခဏာပြသူများအနေနှင့် နီးစပ်ရာ ကျန်း မာရေးဌာနကို အကြောင်းကြားကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။

“အခုက အနံ့မရသူတွေ များလာတယ်၊ အနံ့မရဘူးဆိုလို့ရှိရင် သက်ဆိုင်ရာ အနီးစပ်ဆုံးဖြစ်တဲ့ ကျန်းမာရေးဌာန ခွဲကို အကြောင်းကြားကြဖို့ပါ၊ ဆေးရုံကို လက်လှမ်းမီရင် ဆေးရုံကို အကြောင်းကြားကြပါ” ဟု မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဌာနမှ ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။

တစ်ဖက်တွင်လည်း ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ကို မွန်ပြည်နယ်အတွင်းသို့ အခြားတိုင်းနှင့် ပြည် နယ်များမှ ပြန်ဝင်လာသူများကို  ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး သတ်မှတ်ထားသည့် quarantine center တွင် ၇ ရက် နေပြီးမှသာ ပြည်နယ်အတွင်း သွားလာခွင့်ပြုနေသည်။

မွန်ပြည်နယ်အတွင်း ဒီဇင်ဘာလ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့လူနာ ၁၆၆၀ ကျော်ရှိနေပြီး သေဆုံးသူ ၁၃ ဦးအထိ ရှိလာသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...