မြောက်ပိုင်း မဟာမိတ်တပ်များနှင့် SSA-တောင်ပိုင်းတပ်တို့အကြား တိုက်ပွဲများဖြစ်ပွား

မြောက်ပိုင်း မဟာမိတ်တပ်များနှင့် SSA-တောင်ပိုင်းတပ်တို့အကြား တိုက်ပွဲများဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က သီပေါမြို့နယ်ထဲတွင် RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သကဲ့သို့ နမ္မတူမြို့နယ်ထဲတွင်လည်း RCSS နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီဇင်ဘာလ ၇ ရက်နေ့ (ယမန်နေ့) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး အုပ်ခေး က ယခုကဲ့သို့ပြောသည်။

“ဒီနေ့ မနက် ၈ နာရီတုန်းက နမ္မတူမြို့နယ်ထဲက ပန်တောင်းတံတားနားက မန်စံကျေးရွာ အုပ်စုနားကပေါ့ လေ အဲမှာ TNLA ကနေပြီးတော့ RCSS တပ်ဖွဲ့ရှိတဲ့နေရာကို ဝင်တိုက်တာပေါ့နော။ မနက် ၈ နာရီက စပြီး တော့ နေ့လည် ၁၁ နာရီ ၁၂ နာရီလောက်အထိတော့ ကြိုကြားကြိုကြား ဖြစ်တာပေါ့နော်။”

တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ကလည်း တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြော သည်။

“၂၀၁၈ လောက်က အဲဒီနားမှာ RCSS နဲ့ ကျနော်တို့နဲ့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်။ ကျနော်တို့ နယ် မြေရှင်းလင်းရေး လုပ်တော့ သူတို့က နောက်ပြန်ဆုတ်တယ်။ ဆုတ်တော့ ဒီ ၂၀၁၉ လောက်မှာ ကျနော်တို့ အဖွဲ့တွေရှိသေးတယ်။ တပ်မတော်နဲ့ တိုက်ပွဲပြန်ပြီးမှ ထိတွေ့တော့ အဲဒီနားမှာ တိုက်ပွဲမဖြစ်အောင် ကျနော် တို့က ပြန်ရှောင်လိုက်တယ်။ အခုက ကျနော်တို့လည်း မရှိတော့ ဒီ RCSS က ပြန်လည်ပြီးတော့မှ နယ်မြေ တစ်ကြိမ်ပေါ့ နယ်မြေကျူးကျော်ပြန်ရောက်လာတယ်။ ပြန်ရောက်လာတော့ တိုက်ပွဲဖြစ်ပွားတာ ဖြစ် တယ်။”

ရှမ်းပြည်ပြန်လည်ထူရေးကောင်စီ RCSS အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ် NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLA က ပြောသည်။

အဆိုပါပြောဆိုမှုနှင့် ပတ်သက်၍ ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေးက “ခုနက ဖြစ်သွားတဲ့ တိုက်ပွဲနေရာက RCSS တပ်ဖွဲ့ဝင်တွေက သွားလာလှုပ်ရှားနေထိုင်နေတာ နှစ် ၃၀ ကျော်ပြီ အဲဒီနားကလေ ဒါပေမယ့် အခုက TNLA တပ်ဖွဲ့က ပြန်ပြီးတော့ ထကြွလာခါကျတော့ RCSS တပ်ဖွဲ့ အဲမှာ ရှိနေတာကို နည်းနည်း သိပ်မလိုလား ဘူး လားလို့ အဲဒါပဲ ထင်မြင်ချက်ခန့်မှန်းရတာပေါ့နော်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ရှေ့ဆက်ပြီးတော့ အထက်လူကြီးတွေ အချင်းချင်း တိုင်းရင်းသားတွေ အချင်းချင်း အားလုံးတော့ ဒီလိုတိုက်ပွဲ ဆက် မဖြစ် အောင် နည်းလမ်းရှာပြီးတော့ ကြိုးစားရမှာပဲလို့ အဲလိုမျိုးပဲ ပြောချင်ပါတယ်နော်” ဟု ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနှင့်အနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က TNLA နှင့် SSPP တို့ ပူးတွဲ စစ်ရေးလှုပ်ရှားခဲ့သည့် နေရာများဖြစ်သည်ဟု TNLA ဆိုသည်။

RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း RCSS နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေးက ယခုကဲ့သို့ပြော သည်။

“အဲဒါက RCSS တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး သွားလာလှုပ်ရှားရင်းနဲ့ ဟိုဖက် SSA ရဲ့ သတင်းမကြား သိ ရပဲနဲ့ နည်းနည်းသွားတိုးမိတော့ ခဏလေးထိတွေ့ မှုဖြစ်သွားတာပေါ့နော်။ သီပေါမြို့နယ် လွယ်လမ်ရွာ နား ကပေါ့လေ။ အဲဒါက ၁၀ မိနစ်လောက်ပဲ သတင်းမရလို့ တိုးမိတဲ့ဟာကြောင့်မို့လို့ စီမံချက်ရှိရှိနဲ့ တိုက်တာ မဟုတ်ကြဘူး လေနော” ဟု ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့ ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက် မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

TNLA နှင့် SSPP တို့မှာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့နှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

FPNCC အဖွဲ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (ULA/ AA) တို့ ပါဝင်သည်။

အဆိုပါအဖွဲ့များမှာ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ပြီး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းနေဆဲအဖွဲ့များဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...