ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ် မဖွဲ့စည်းနိုင်မီအချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အလွတ်သဘော ဆွေးနွေးညှိနှိုင်း နိုင်ရန်အတွက် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်သည်။
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST က လတ်တလော ကာလအတွက် ယာယီဖွဲ့စည်းလိုက်သည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အဖွဲ့ အနေ ဖြင့် လာမည့် ဒီဇင်ဘာလ ပထမအပတ်ထဲတွင် အစိုးရနှင့် တပ်မတော်တို့ အချင်းချင်း အလွတ် သဘော တွေ့ဆုံညှိနှိုင်းမှုမှ ထွက်ပေါ်လာမည့် ရလဒ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အလွတ်သဘော တွေ့ ဆုံဆွေးနွေးနိုင်ရန် ရည်ရွယ်သည်ဟု PPST က ဆိုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒါကလည်း လာမယ့် ဒီဇင်ဘာ ပထမအပတ်ထဲမှာ ဖြစ်ပေါ်လာမယ့် တပ်နဲ့ အစိုး ရနဲ့ ဆွေးနွေးမယ့် အလွတ်သဘောကနေ ထွက်ပေါ်လာတဲ့ဟာတွေကို ကျနော်တို့ အနေနဲ့ ပူးပေါင်း ပါဝင်ဖို့ နည်းလမ်းရှာကြဖို့ ဒီအစိုးရ အနေနဲ့ အစိုးရအသစ်ပြင်ဆင်တဲ့ကာလမှာ ကျနော်တို့ကလည်းပဲ ဆွေးနွေးမှု တွေကို အဆက်မပြတ် ကွင်းဆက်မပြတ်အောင် ဆက်လက်ထိန်းတဲ့အနေနဲ့ ဒီအဖွဲ့တွေ ဖွဲ့စည်း ပြီးတော့ ဆွေးနွေးမှုကို ဆက်လုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အက်ဟော့ပါပဲ ကာလလည်း ကာလရှည် မဟုတ်ပါ ဘူး ကာလတို” ဟု ပြောသည်။
အစိုးရနှင့် တပ်မတော်တို့ အချင်းချင်း အလွတ်သဘော တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု ပြီးမှသာ အဆိုပါ ညှိနှိုင်း ရေးအဖွဲ့က အစိုးရနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားရန် ရှိသည်ဟု ဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ Video Conferencing ဖြင့် ပြုလုပ်သည့် (၁၂/၂၀၂၀) အစည်း အဝေးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ညှိနှိုင်းရေးအဖွဲ့ကတော့ အသစ်လည်း မဟုတ်ဘူး အဟောင်းလည်း မဟုတ်ဘူး။ ကျနော်တို့ မနှစ်က ရှိခဲ့တဲ့ ညှိနှိုင်းရေး ၂ ဖွဲ့ကိုတော့ ကျနော်တို့က ဖျက်သိမ်း ပြီးတော့ အခုလက်ရှိ ညှိနှိုင်းရေးအဖွဲ့ကတော့ ဒီကြားကာလပါပဲ ကျနော်တို့ EAOs Summit မတိုင်ခင်မှာ လက်ရှိ အခြေအနေကို ထိန်းနိုင်ဖို့ဆိုပြီးတော့ အစိုးရ၊ တပ်မတော်နဲ့ လိုအပ်သလို အလွတ် သဘော ညှိဖို့ အတွက် ဗိုလ်မှူးကြီးစိုင်းငင်း ဦးဆောင်တဲ့ ဆယ်ဦးပေါ့” ဟု ပြောသည်။
လတ်တလော ကာလအတွက် အသစ်ဖွဲ့စည်းလိုက်သည့် PPST ၏ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ကို RCSS မှ ဗိုလ် မှူးကြီးစိုင်းငင်း က ဦးဆောင်မည်ဖြစ်ပြီး အပစ်ရပ် ၁၀ ဖွဲ့က ကိုယ်စားလှယ် တစ်ယောက်စီ ပါဝင်မည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်ပြောသည်။
“တစ်ဖွဲ့တစ်ဦးပါပဲ အခြေခံကတော့ ဒါပေမယ့် ရှိပြီးသား UPDJC မှာ အတွင်းရေးမှူး အဖွဲ့ဆိုတာရှိတယ်။ အားလုံး ၁၅ ဦးရှိတယ်။ နိုင်ငံရေးပါတီက ၅ ဦး ကျနော်တို့ အစိုးရ တပ်မတော်က ၅ ဦး ကျနော်တို့ဆီက ၅ ဦး အဲ့ဒီ ၅ ဦးထဲက ကျနော်တို့ရဲ့ UPDJC ၅ ဦးကို အခြေခံပြီးတော့ နောက်ထပ် ကျန်တဲ့ အဖွဲ့ထဲက တစ်ဦးစီ ပေါ့ဗျာ။ အားလုံး ၁၀ ဦးနဲ့ လတ်တလော ဆွေးနွေးရေး အဖွဲ့ကို ဖွဲ့လိုက်တာပေါ့။”
ယခုဖွဲ့စည်းလိုက်သည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးအဖွဲ့သည် ယာယီသာဖြစ်ပြီး လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယ) ပိုင်းတွင် တွေ့ဆုံဆွေးညှိနှိုင်းရေးအ ဖွဲ့ကို တရားဝင်ဖွဲ့စည်းသွားရန်ရှိသည် ဟု ဆိုသည်။
NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် အစိုးရတို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ လုပ် ဆောင်နေသကဲ့သို့ အခြားတစ်ဖက်တွင် အစိုးရ နှင့် NCA စာချုပ် လက်မှတ်မရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေး မှုများ ဆက်လက်ပြုလုပ်သွားရန် PPST ၏ အစည်းအဝေး အပြီး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် တိုက်တွန်းထားသည်။
ထို့အပြင် NCA-S EAO အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးမူ (All – inclusive Principle) ကို အစဉ်တစ်စိုက် ကိုင်စွဲထားမည်ဖြစ်ကြောင်း၊ All-inclusive Principle နှင့်အညီ သက်ဆိုင်ရာ အစုအဖွဲ့အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် အပြန်အလှန်ယုံကြည်မှုကို တိုးမြင့် တည်ဆောက်ကာ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသား ညီညွှတ်ရေး လုပ်ငန်းစဉ်များကို အတူတကွ လက်တွဲ ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါသည်ဟု ဆိုသည်။
NCA-S EAO အနေဖြင့် ဒီမိုကရေစီ အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟူသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အခန်း ၁ အခြေခံမူ ပြဌာန်းချက်နှင့်အညီ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွေးကောက်ပွဲလွန်ကာလတွင် ပေါ်ထွန်းလာမည့် အစိုးရနှင့် တစိုက်မတ်မတ် ဆွေးနွေးညှိနှိုင်းသွားမည်ဟု ထုတ်ပြန်ချက်ထဲတွင်ထည့်သွင်း ထားသည်။
PPST ၏ Video Conferencing ဖြင့် ပြုလုပ်သည့် ၂ ရက်တာ အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်း ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ ကာလဖြစ်ပေါ် လာ သည့် နိုင်ငံရေး အခြေအနေများအပေါ် အချိန်ယူဆွေးနွေးခဲ့ကြပြီး ပြည်တွင်းငြိမ်း ချမ်းရေး အမျိုးသား ပြန် လည်သင့်မြတ်ရေးနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် များကို ချမှတ်ခဲ့ကြပါသည်ဟု PPST က ပြောသည်။
၂ ရက်တာ ကျင်းပပြုလုပ်သည့် PPST ၏ အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ WLPP (Women Leadership in Peace Process) မှ လေ့လာသူများနှင့် NCA-S EAO ရုံးဝန်ထမ်းများ စုစုပေါင်း လူဦးရေ ၅၀ တက်ရောက်ခဲ့သည်ဟု သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။







