ဖလုံ-စဝေါ်ပါတီ၏ တစ်ခုတည်းသော ကရင်ပါတီဖွဲ့စည်းရေး တိုက်တွန်းချက် ကရင်အဖွဲ့များ ကြိုဆို

ဖလုံ-စဝေါ်ပါတီ၏ တစ်ခုတည်းသော ကရင်ပါတီဖွဲ့စည်းရေး တိုက်တွန်းချက် ကရင်အဖွဲ့များ ကြိုဆို

စောရှား- မြန်မာနိုင်ငံအတွင်းရှိ ကရင်နိုင်ငံရေးပါတီများအနေဖြင့် တစ်ခုတည်းသော ကရင်ပါတီဖွဲ့စည်းရေးအတွက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP ၏ တိုက်တွန်းချက်ကို ကရင်အသင်းအဖွဲ့ကွန်ရက်အသီးသီးက ကြိုဆိုလိုက် ကြသည်။

နိုဝင်ဘာ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဖလုံ-စဝေါ်ပါတီ၏ ကြေညာချက်အား လှိုက်လှဲစွာကြိုဆိုလိုက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း ကရင်ပြည်နယ်၊ စာပေနှင့်ယဉ်ကျေးမှုအသင်း၏ အတွင်းရေးမှူး နန်းမြင့်တင်က ကေအိုင်စီသို့ ယခုလိုပြောသည်။

“ကရင်တစ်ပါတီပဲ ဖြစ်သွားမယ်ဆို ဝင်ပြိုင်မယ့် ပါတီကိုယ်စားလှယ်လောင်းလည်း တစ်ဦးပဲဖြစ်သွားမယ့် အတွက် မဲထည့်တဲ့အခါ  လူထုတွေ မဝေဝါးတော့ဘူးပေါ့။ တစ်ပါတီထဲဖြစ်ဖို့ကလည်း မူဝါဒအားဖြင့် ပြန်ညှိ ရဦးမှာ ဖြစ်ပေမယ့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်မှသာ ကြိုတင်ပြင်ဆင်တဲ့အချိန် ရမှာဖြစ်ပါတယ်။”ဟု ယနေ့ (နိုဝင် ဘာ  ၁၇) တွင် ပြောသည်။

လက်ရှိတွင် ၂၀၁၀ ခုနှစ်၌ ဖွဲ့စည်းခဲ့သည့် ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရန်ကုန် အခြေစိုက် ကရင်ပြည်သူ့ပါတီ-KPP၊ ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ရန်ကုန်နှင့် ဧရာဝတီအခြေစိုက် ကရင် အမျိုးသားပါတီ(KNP)နှင့် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပြည်နယ်အခြေစိုက် ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ-KNDP ဟူ၍ ကရင်နိုင်ငံရေးပါတီ (၄) ပါတီရှိသည်။

နားလည်မှုရှိရှိဖြင့် ကရင်ပါတီများစုစည်းကာ တစ်ပါတီတည်းဖြစ်ပေါ်လာပါက လူထုဆန္ဒကို တန်ဖိုးထားရာ ရောက်သကဲ့သို့ အောင်မြင်မှုများလည်းဖြစ်ထွန်းလာမည်ဖြစ်သော်လည်း ကရင်ပါတီများ အမည်အမျိုးမျိုးဖြင့်  ပြောင်းလဲယှဉ်ပြိုင်နေသည့်အပေါ်တွင် စိုးရိမ်မှုရှိနေကြောင်း ကရင်အနုပညာရှင်အသင်း(KCO) နာယက စောဝင်းစိုးက ပြောသည်။

“ကရင်ပါတီဖက်က ရွေးကောက်ပွဲတစ်ကြိမ်ဝင်ရင် အမည်တစ်မျိုး၊ နောက်တစ်ကြိမ် အမည်သစ် နောက် တစ်မျိုး၊ အခုနောက်တကြိမ် တစ်မျိုး ထပ်ဖြစ်ဦးမယ်ဆိုရင် လူထုတွေ မျက်စိလည်၊ အတွေးဝေဝါးစေနိုင် ပါတယ်။ အခု KNDP တောင် လူတော်တော်များများသိနေပြီးခါမှ နောက်တစ်ခါ အမည်သစ် နောက်တစ်မျိုးဆို လူထုတွေ ထိုးထွင်းသိမြင်နားလည်အားပေးဖို့ကတော့ ကြိုးစားမှုအပေါ်မှာပဲ မူတည်တော့တယ်။” ဟု ပြောသည်။

ကရင့်သမိုင်း တင့်တယ်ရန်၊ ကြိုးစားမှု ပေါက်မြောက်အောင်မြင်ရန်၊ ကရင့်အခွင့်အရေး လက်ဝယ်ပိုက်နိုင်ရန် KCO အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ဖလုံ-စဝေါ်ပါတီ၊ ၂၀၂၀ တွင် KNDP ပါတီတို့အား ဝန်းရံအား ပေးခဲ့သလို ရှေ့ခရီးစဉ်တွင်လည်း ကရင်ပါတီကိုသာ အစဉ်အမြဲ အားပေးနေမည်ဖြစ်ကြောင်း စောဝင်းစိုးက ဆက်ပြောသည်။

ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်နိုင်ငံရေးပါတီများကို လူအား၊ နည်းပညာအားများဖြင့် ပံ့ပိုးကူ ညီခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်ကွန်ရက်(KYN) ကလည်း ဖလုံ-စဝေါ်ပါတီ၏ တစ်ခုတည်းသော ကရင်ပါတီ တိုက်တွန်းချက်ကို ကြိုဆိုပါကြောင်း KYN ကရင်ပြည်နယ်ဆက်သွယ်ချိတ်ဆက်ရေးတာဝန်ခံ စောသန့်သောင်က ပြောဆိုလိုက်သည်။

ကရင်နိုင်ငံရေးပါတီများ ပြန်ပေါင်းပြီး တစ်ခုတည်းသော ကရင်ပါတီအဖြစ်ရပ်တည်ရန် ဒုတိယအကြိမ် ပါတီစုံ ရွေး ကောက်ပွဲပြီးသည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ ၂၀၂၀ ခုနှစ်အထိ ၅ နှစ်အတွင်း (၁၁) ကြိမ်တိုင်တိုင် တွေ့ဆုံ ဆွေးနွေးအဖြေရှာခဲ့ကြသော်လည်း ယခုအချိန် ပေါင်းစည်းနိုင်ခြင်းမရှိသေးပေ။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...