လက်နက်ကြီးပစ်ခတ်မှုများကြောင့် အမ်းဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

လက်နက်ကြီးပစ်ခတ်မှုများကြောင့် အမ်းဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း (ဓာတ်ပုံ - Auong Won Myart
ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း (ဓာတ်ပုံ - Auong Won Myart

နှင်းနွယ် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရှောက်ခုံကျေးရွာနှင့် သရက်ပင်ချောင်းကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံ(၃၅၀)ခန့်မှာ ကမ်းထောင်းကြီးမြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

“စက်လှေနဲ့ပြေးတဲ့သူတွေက ပြေးသွားကြတယ်။ စက်လှေမရှိလို့ ပြေးမရောက်ဘဲ ရွာမှာကျန်နေခဲ့တဲ့သူတွေကို ကျနော်တို့ ကားနှစ်စီးနဲ့ သွားယူခဲ့ကြတာ။ ရွာမှာက တစ်ယောက်မှမကျန်တော့ဘူး။ ကျောင်းထိုင်ဘုန်းကြီးကိုလည်း ကျနော်တို့တစ်ပါတည်း ပင့်လာခဲ့တာ” ဟု ကမ်းထောင်းကြီးမြို့ပေါ်စစ်ဘေးရှောင်စခန်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဝင်းမြင့်က DMG သို့ ပြောသည်။

ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်)က အမ်းမြို့နယ်၊ ကဇုကိုင်းတောင်ပေါ်၌ တပ်စွဲနေသည့် တပ်မတော်မှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့မှုကြောင့် ရှောက်ခုံကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ကလေးငယ်များအပါအဝင် ဒေသခံ(၆)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ၎င်းကျေးရွာသားများက ပြောသည်။

ယင်းနောက် ရှောက်ခုံကျေးရွာသားများနှင့် အနီးအနားရှိ သရက်ပင်ချောင်းကျေးရွာမှ ဒေသခံများမှာ ရွာ၌မနေရဲသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်။

သရက်ပင်ချောင်းကျေးရွာမှ ထွက်ပြေးလာသူတစ်ဦးဖြစ်သည့် ကိုအောင်ဆန်းသိန်းက “သူတို့(တပ်မတော်)က မနေ့က နေ့လည်ပိုင်းကတည်းကနေ တစ်ညလုံးအဆက်မပြတ်ပစ်တယ်။ ပီးတော့ လက်နက်ကြီးကျတဲ့ ရွာနဲ့လည်း နီးနီးလေးဆိုတော့ ပိုစိုးရိမ်တာပေါ့။ အခုလို တိုက်ပွဲမဖြစ်ဘဲ ပစ်နေတာတော့ မကောင်းပါဘူး။ ကျနော်တို့လည်း ကိုယ့်အိမ်၊ကိုယ့်ယာမှာပဲ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေချင်တာပေါ့” ဟု ပြောသည်။

ယင်းသို့ ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းအား နိုဝင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသူများထဲမှ အချို့မှာ ကမ်းထောင်းကြီးမြို့ပေါ် စစ်ဘေးရှောင်စခန်း၌ နေထိုင်နေကြပြီး၊ အချို့မှာ ဆွေမျိုးအိမ်များနှင့် နီးစပ်ရာ အသိမိတ်ဆွေအိမ်များတွင် ယာယီခိုလှုံနေထိုင်ကြကြောင်း ထွက်ပြေးတိမ်းရှောင်လာသူများထံမှ သိရသည်။

လူဦးရေ (၁၃၀၀)ကျော်ခိုလှုံနေသည့် ကမ်းထောင်းကြီးမြို့ပေါ်စစ်ဘေးရှောင်စခန်းမှာ ယခင်ကတည်းက ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပြီး ယခု စစ်ဘေးရှောင်များ ထပ်တိုးရောက်ရှိလာသည့်အတွက် စားဝတ်နေရေး ပိုမိုအခက်အခဲဖြစ်လာနေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

“အခုလူဦးရေက ပိုများလာပြီဆိုတော့ နေရာထိုင်ခင်းကအစ စားသောက်ဖို့အတွက်ပါ ပိုခက်ခဲလာပြီ။ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးအတွက်လည်း ဆေးဝါးတေ ွဘာတစ်ခုမှမရှိဘူး” ဟု ကိုအောင်ဝင်းမြင့်က ရှင်းပြသည်။

ထို့ကြောင့် အလှူရှင်များအနေဖြင့် စစ်ဘေးရှောင်များ၏ ကျန်းမာရေးနှင့် နေရာထိုင်ခင်းများအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးစေလိုကြောင်းလည်း ၎င်းက ဆက်၍ပြောသည်။

အလားတူ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းအချိန်မှစ၍ ကျောက်ဖြူမြို့နယ် အောင်လံချိန်ကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်စစ်ဆေးနေခြင်းကြောင့် ကျေးရွာသားများမှာ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးနေရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု (၂)နှစ်ကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်ဦးရေ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်အထိ ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရပြီး စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအပြင် ဆေးဝါးအခက်အခဲများနှင့်ပါ ရင်ဆိုင်နေကြရသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...