မောင်တောခရိုင်တွင် ရက်ပေါင်း ၁၀ ကျော်ကြာ လျှပ်စစ်မီးပြတ်တောက်နေ၍ မီသွေးဈေး တစ်ဆကျော် မြင့်တက်

မောင်တောခရိုင်တွင် ရက်ပေါင်း ၁၀ ကျော်ကြာ လျှပ်စစ်မီးပြတ်တောက်နေ၍ မီသွေးဈေး တစ်ဆကျော် မြင့်တက်

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တစ်ခုလုံးတွင် ရက်ပေါင်း ၁၀ ကျော်ကြာ လျှပ်စစ်မီးပြတ်တောက်နေသဖြင့် မီးသွေးဈေနှုန်းမှာ ယခင်ထက်  တစ်ဆကျော် မြင့်တက်သွားသည်။

အဆိုပါ ခရိုင်တစ်ခုလုံး၌ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်ခန့်မှစပြီး လျှပ်စစ်မီးပြတ်တောက်သွားရာ ယနေ့အချိန်ထိ မရသေးသဖြင့် ဒေသခံတို့မှာ ထမင်း၊ ဟင်း စသည်တို့ကိုချက်ပြုရန် မီးသွေးကိုသာ ပြန်လည်အသုံးပြုနေကြရသည်။

မောင်တောမြို့နယ် ၌ ယခင်က ပိဿာ (၁၀ )ပါ မီးသွေးတစ်အိတ်လျှင် ၄၀၀၀ ကျပ်သာရှိခဲ့သော်လည်း ယခုအခါ  မီးသွေးတစ်အိတ်ကို ၉၅၀၀ ကျပ်အထိ ဈေးမြင့်တက်သွားကြောင်း မောင်တောမြို့နယ်မှ မီးသွေးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်အဘုမေထံမှ သိရသည်။

ထိုသို့ မီးသွေးဈေးနှုန်းမြင့်တက်သွားခြင်းကြောင့် သာမန်လက်လုပ်လက်စား မိသားစုတို့မှာ အခက်တွေ့ကြရသည်။

“လျှပ်စစ်မီးမလာတော့ မီးသွေးနဲ့ချက်ရတယ်။ အခုက ဈေးရောင်းချရတာလည်း နေ့တစ်ဝက်ပဲ ရောက်နေရတယ်။ အမြတ်ကနည်းပြီး ကုန်ကျစရိတ်ကများ၊ မီးသွေးဈေးကလည်း ထိုးတက်ဆိုတော့ စားသောက်နေထိုင်ရတာ အတော်ဒုက္ခရောက်တယ်” ဟု မောင်တောမြို့မဈေးတွင် သစ်သီးဝလံရောင်းချနေသူ ဒေါ်မတင်ညွန့်က ပြောသည်။

လက်ရှိအချိန်၌ မောင်တောမြို့နယ်အတွင်းသို့ ဘူးသီးတောင်မြို့နယ်အတွင်းမှ မီးသွေးတင်ပို့ခွင့်မရ၍ မီးသွေးဈေးနှုန်း မြင့်တက်ရခြင်းလည်း ဖြစ်သည်။

“အဓိက ဘူးသီးတောင်မှာ မီးသွေးဖုတ်တာ အခု မောင်တောကို ပို့လို့မရတော့ လမ်းမှာ သစ်တောကဖမ်းတယ်။ ဆိုတော့ မောင်တောကို မီးသွေးတွေ ထပ်လို့မဝင်လာတော့  ဈေးထိုးတက်ပြီပေါ့”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် ဘူးသီးတောင်မြို့နယ်တွင်လည်း  လျှပ်စစ်မီးပြတ်တောက်နေ၍  ယခင်က မီးသွေး (၁၀) ပိဿ တစ်အိတ်လျှင် ၃၀၀၀ ကျော် သာရှိပြီး လက်ရှိမှာ မီးသွေးတစ်အိတ်လျှင် ၆၀၀၀ကျော်အထိ ဈေးမြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ လျှပ်စစ်မီးပြတ်တောက်နေခြင်းမှာ  ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာနှင့် သောင်းဒရားကျေးရွာ အကြားတွင် လျှပ်စစ်ကြိုး ပြတ်တောက်နေခြင်းဖြစ်ကြောင်း မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ  အင်ဂျင်နီယာ ဦးဟိန်းမိုးထက် က ဆိုသည်။

 “ကျွန်တော်တို့ဖက်က အခုပြတ်တောက်နေတဲ့ နေရာကို သွားခွင့်ရရင်တော့ ပြုပြင်တာက ဒီလောက်မကြာနိုင်ဘူး။ အလွန်ဆုံးကြာ ၂ ရက် ၃ ရက်ပေါ့။ အခုက သွားခွင့်ကိုမပြုသေးတာ။ ဟိုးတစ်နေ့ ရသေ့တောင်က လိုင်းအဖွဲ့သွားကြတော့ ခွင့်မပြုလို့ ထီးစွဲးနားကပြန်လှည့်လာရတယ်” ဟု ၎င်းက DMG သို့ပြောသည်။

အလားတူ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်၌ ၂၀၂၀ ခုနှစ် သြဂုတ်လ အတွင်းက လျှပ်စစ်ကြိုးတွင် လက်နက်ကြီးကျည်အစများ ထိမှန်မှုကြောင့် ကြိုးပြတ်တောက်သွား၍ ရက်ပေါင်း ၁၀ ကျော်ကြာ လျှပ်စစ် မီးပြတ်တောက်ခဲ့ပြီး ဧပြီလအတွင်းကလည်း ရက်ပေါင်း ၂၀ ကျော် ကြာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...