ကိုဗစ်ကာလ ကူညီထောက်ပံ့မှုတွေက လိင်လုပ်သားများထံမရောက်ဟု ကူညီရေးအဖွဲ့ပြော

ကိုဗစ်ကာလ ကူညီထောက်ပံ့မှုတွေက လိင်လုပ်သားများထံမရောက်ဟု ကူညီရေးအဖွဲ့ပြော

ကိုဗစ်ကာလတွင် အလုပ်အကိုင်ခက်ခဲသူများ ဆင်းရဲနွမ်းပါးသူများကို နိုင်ငံတော်အပါအဝင် အလှူရှင်များက ထောက်ပံ့လှူဒါန်းနေသော်လည်း လိင်လုပ်သား အများစုကတော့ ထောက်ပံ့မှုလည်းမရသလို ပုဂ္ဂလိက အလှူရှင်များလည်း လာရောက်လှူဒါန်းမှု မရှိကြောင်း လိင်လုပ်သားအရေး ကူညီဆောင်ရွက် ပေးနေသော အဖွဲ့အစည်းတစ်ခုက ပြောသည်။

"လိင်လုပ်သားတွေဖြစ်ကတည်းက သူတို့က ပုံမှန်ဝင်ငွေလစာမရှိဘူးလေ။ မရှိတာဖြစ်တဲ့အတွက်ကို ဒါ ရသင့်တယ်လို့ ထင်ပါတယ်။ ထောက်ပံ့ငွေကတော့ သူတို့ကသတ်မှတ်ထားတာက ဒီလိင်လုပ်သား မှမဟုတ် ဘူး။ မြန်မာနိုင်ငံအတွင်းမှာနေတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့သူ၊ အဆင်မပြေတဲ့သူတွေကိုပေးမယ်လို့ သတ်မှတ်ထားတော့လေ သူတို့လည်း အဲ့သတ်မှတ်ချက်ထဲမှာ ညီတယ်ပေါ့နော်။ ညီတော့ သူတို့တွေ အနေနဲလည်းရ သင့်တယ်လို့ထင်ပါတယ်။ သူတို့လည်း တကယ်အဆင်မပြေကြတဲ့သူတွေဆိုတော့" ဟု Aye Myanmar Association (အေးမြန်မာ) က Project Coordinator မအေးအေးအောင်က ပြောသည်။

Aye Myanmar Association သည် ရန်ကုန်တွင် ရုံးအခြေစိုက်ကာ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် မြစ်ကြီးနားတို့တွင် ရုံးခွဲများဖွင့်လှစ်ကာ လိင်လုပ်သားများအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ် သည်။

Aye Myanmar Association အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် မြစ်ကြီးနား စသည့်နေရာများမှ မိသားစုကျောထောက်နောက်ခံမရှိသူများ၊ စီးပွားအရေးအကြပ်အတည်းဖြစ်နေသူများ စသည့် အမှန် တကယ် အဆင်မပြေသည့် လိင်လုပ်သား ၇၀၀ ဝန်းကျင်ခန့်အား ကုန်ခြောက်ပစ္စည်းများ ထောက်ပံ့ပေး အပ်ထားကြောင်း သိရသည်။

ကိုဗစ်ကာလဖြစ်သောကြောင့် Bar၊ KTV၊ စားသောက်ဆိုင်များ၊ Clubများ မဖွင့်လှစ်ရခြင်းနှင့် ညမထွက် ရအမိန့်တို့က လိင်လုပ်သားများကို တိုက်ရိုက်ထိခိုက်နေပြီး ဝင်ငွေပြတ်တောက်မှုက ဆိုးဆိုးရွားရွား ဖြစ် လို့နေသည်။

“ကျွန်မတို့အနေနဲ့အခုလက်ရှိလိုအပ်တာဆိုရင် စားဝတ်နေရေးအတွက် ထောက်ပံ့ပေးမယ့်ဟာတို့ လိုအပ်တယ်ပေါ့။ အလုပ်အကိုင်အခွင့်အလမ်းတွေက မရှိတော့ဘူးလေ ကျွန်မတို့အတွက်က။ လိင်လုပ်သား အများစုက စားဝတ်နေရေးတော့ အရမ်းခက်ခဲတယ်။ နိုင်ငံတော်ကထောက်ပံ့ပေးရင်လည်း ကျွန်မတို့ အောက်ခြေလူတန်းစားတွေကမပါဘူး။ အောက်ခြေလူတန်းစားဆိုတာ ကျွန်မတို့ Sex workers အသိုင်း အဝိုင်းဆို သိပ်မကြည့်ချင်ကြဘူး။ အလှူရှင်တွေကအစပဲ။ ဆင်းရဲတဲ့သူတွေဆီသွားရင်တောင်မှ မပါတာတွေရှိတယ်။ ကူညီပေးမယ့်သူရှိရင် ကျွန်မတို့ လိင်လုပ်သားအမျိုးသမီးတွေနဲ့ သူတို့အသိုင်းအဝိုင်းလေး တွေကို ကူညီထောက်ပံ့ပေးတာလေးတော့ လိုချင်တယ်”ဟု လိင်လုပ်သား တစ်ဦး ဖြစ်သူ မခိုင်(အမည်လွဲ) ကပြောသည်။

ကိုဗစ်ကာလအတွင်း အစိုးရအနေဖြင့် အိမ်ထောင်စု တစ်စုလျှင် စားသောက်ကုန်များ၊ ငွေကြေးများ ထောက်ပံ့ပေးအပ်ခြင်းရှိသော်လည်း လိင်လုပ်သားအများစုသည် အိမ်ထောင်စုဇယားမရှိခြင်းက အထောက်အပံ့များနှင့် ဝေးကွာရသည့် အကြောင်းရင်းတစ်ချက်ဖြစ်နေသည်။

“အစ်မတို့ကကျတော့ တိုက်ခန်းငှားပြီးနေတာ ယာယီအိမ်ထောင်စုဇယားမရှိဘူး။ တိုက်မှူးကို အကြောင်းကြားလိုက်တယ်၊ ရပ်ကွက်မှူးကို အကြောင်းကြားလိုက်တယ်။ တချို့ကျတော့ ကျူးတဲဆိုတော့ အိမ်ထောင်စုဇယားတွေမပေးတော့ဘူး။ အဆောင်နေတဲ့သူကျတော့လည်း အဆောင်မှာနေတဲ့အခါကျ တော့ ဘာမှမှ မလိုတာ အဲ့ဒါကြောင့် အိမ်ထောင်စုဇယားတွေက မရှိဘူး အဲ့လိုဖြစ်နေတာ။

တချို့ကျတော့လည်း မှတ်ပုံတင်မရှိဘူး။ ၁၈၊ ၂၀ ဝန်းကျင်လေးတွေ sex worker လောကထဲရောက်လာ တာတွေရှိတယ်။ ဟိုးငယ်ငယ်လေးကတည်းက နင်တို့ဘာလို့ မလုပ်တာလဲလို့ အချင်းချင်းမေးကြတော့ ငယ်ငယ်လေးကတည်းက ကျူးတဲမှာနေရတော့ အိမ်ထောင်စုဇယား မရှိဘူးတဲ့။ အဲ့တော့ သူတို့က မွေးထဲကနေ မလုပ်ဖြစ်တာလို့ပြောတယ်။ တချို့ကျတော့လည်း ပျောက်သွားတာပေါ့။ ရှိတဲ့လူကျတော့ လည်းရှိတယ်။ ၃ပုံ ၁ပုံလောက်ပဲရှိမှာ ၂ပုံလောက်ကတော့ မရှိတာများတယ်။ မှတ်ပုံတင် ပျောက်သွားတ သူတွေကျ ပြန်လုပ်ဖို့က သူတို့နေရပ်ကိုပြန်လို့မရတဲ့အခက်အခဲတွေရယ် ငွေကြေးအခက်အခဲတွေရယ် အမျိုးမျိုးပေါ့အမရယ်” ဟု မခိုင်(အမည်လွဲ)က ဆိုသည်။

Aye Myanmar Association (အေးမြန်မာ) က Project Coordinator မအေးအေးအောင် က “သူတို့အ နေနဲ့ မတရားအကြမ်းဖက်ခံရတယ်ဆိုရင်လည်း တခြားသူက အကြမ်းဖက်ခံရလို့သွားတိုင်သလိုပဲ သူတို့ အကြမ်းဖက်ခံရလို့ သွားတိုင်တဲ့အခါမျိုးကျရင်လည်း ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ပြောသည်။

UNAIDS ၏ ၂၀၁၈ခုနှစ် ဇူလိုင်လခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် လိင်လုပ်သားဦးရေ ၆၆၀၀၀ ကျော်ရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...