ဘူးသီးတောင်တွင် မွတ်ဆလင် ကလေးငယ်နှစ်ဦးသေဆုံးမှုအား စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း တပ်မတော်ပြော

ဘူးသီးတောင်တွင် မွတ်ဆလင် ကလေးငယ်နှစ်ဦးသေဆုံးမှုအား စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း တပ်မတော်ပြော

အောင်ထိန် — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ကလေးငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာလ ၂၄ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ကလေးငယ်နှစ်ဦး သေဆုံးမှုဖြစ်ပွားသည့်အချိန်မှစ၍ စုံစမ်းစစ်ဆေးမှုကို စတင်လုပ် ဆောင်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဒီဟာနဲ့ပတ်သက်လို့ ချို့ယွင်းချက် အားနည်းချက်ရှိရင် သိနိုင်အောင်လို့ ဘယ်လိုပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးမှု တွေကို အဲဒီကစပြီး လုပ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ်ဆိုတာကို ကျွန်တော်တို့ ထုတ်ပြန်ပြီးသားလည်း ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလ(၅)ရက်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ပြင်ရှည်(မွတ်ဆလင်)ကျေးရွာအနီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားသော မွတ်ဆလင် ရွာသားများအနက် ကျည်ထိမှန်ထားသော ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများက ထုတ်ဖော်ပြောဆိုထားသည်။

ယခုကဲ့သို့ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ကလေးငယ်နှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ တပ်မတော်နှင့် AA တို့ က နှစ်ဖက်အပြန်အလှန် စွပ်စွဲထားကြသည်။

ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲအတွင်း ကလေးငယ် နှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး ယင်းကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှုများ လျင်မြန်စွာလုပ်ဆောင်ရန် အောက်တိုဘာ ၁၄ ရက်နေ့က ကုလသမဂ္ဂဦးဆောင်သော နိုင်ငံအဆင့်စောင့်ကြည့်ရေးနှင့် အစီရင်ခံရေးအထူးတာဝန်အဖွဲ့( CTFMR ) က တိုက်တွန်းထားသည်။

ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်း က “ကလေးတွေ သေဆုံးမှုနဲ့ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်မှာ တာဝန်ရှိတယ်။ ရခိုင်မှာ ကလေးတွေမသေသင့်ဘဲ သေနေရတယ်။ ပြီးခဲ့ ရက်ပိုင်းအတွင်းကလည်း မြောက်ဦးမှာအမြောက်ကျည်ကျလို့ ကလေးငယ်တစ်ဦး ပွဲချင်း ပြီး သေဆုံးခဲ့ရတယ်။ ဒါပေမယ့် တပ်မတော်ကတော့ ငြင်းဆိုချင်တိုင်း ငြင်းဆိုနေတယ်။ ဒါတွေက မကောင်းဘူး။ တာဝန်ခံမှု တာဝန်ယူမှု မရှိဘူး”  ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၏ ပထမသုံးလတွင် ပဋိပက္ခအတွင်း သေဆုံးသူ သို့မဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရသူ ကလေးငယ် ၁၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၏ ထက်ဝက်ကျော်ရှိနေကြောင်းနှင့် ယင်းကိန်း ဂဏန်းမှာ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် သေဆုံးဒဏ်ရာရခဲ့သည့် ကလေးသူငယ်စုစုပေါင်း အရေအတွက်ထက် သိသိသာသာကျော်လွန်နေကြောင်း CTFMR ၏ စာရင်းများအရသိရသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...