ရခိုင်တွင် မျိုးတုန်းလုဖြစ်နေသည့် ငမန်းနှင့်ငါးလိပ်ကျောက်များကို အလွန်အကျွံဖမ်းဆီးမှုများကြောင့် လျှော့နည်းလာ

ရခိုင်တွင် မျိုးတုန်းလုဖြစ်နေသည့် ငမန်းနှင့်ငါးလိပ်ကျောက်များကို အလွန်အကျွံဖမ်းဆီးမှုများကြောင့် လျှော့နည်းလာ

သက်ပိုင် — ရခိုင်ကမ်းရိုးတန်းဒေသများတွင် ကျက်စားနေကြသော မျိုးတုန်းလုဖြစ်နေသည့် ငမန်းနှင့် ငါးလိပ်ကျောက် အကောင်ရေမှာ အလွန်အကျွံဖမ်းဆီးမှုများကြောင့် နှစ်စဉ်လျော့ကျလာလျှက်ရှိနေကြောင်း ပင်လယ်ပြင် မျိုးစိတ်ထိန်းသိမ်းရေးလုပ်ဆောင်သူများနှင့် ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကောက်ယူထားသော စစ်တမ်းများအရ ကောင်ရေပမာဏ နှစ်စဉ်လျော့ကျလျက် ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)မှ Marine Species Conservation Officer ကိုအံ့မောင်က DMG သို့ ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရှားပါးမျိုးစိတ် ငါးမန်းနှင့် ငါးလိပ်ကျောက်တို့၏မျိုးစိတ်တို့ နေထိုင် ကျက်စားမှုအခြေအနေ၊ ရေလုပ်သားများ၏ လူမှုစီးပွားရေးအခြေအနေက ရခိုင်ပြည်နယ်မ၊ ကျိန္တလီ၊ သံတွဲ၊ မန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေ စသည့်မြို့နယ် ၆ ခုတွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)မှ စစ်တမ်း ကောက်ယူခဲ့ကြောင်း ၎င်းကဆိုသည်။

“အခုလို အကောင်ရေလျော့ကျလာတယ်ဆိုတာကို ကျွန်တော်တို့ စစ်တမ်းတစ်ခုတည်းနဲ့ ပြောတာမဟုတ်ပါဘူး။ နော်ဝေးက ပညာရှင်တွေရဲ့ သုတေသနပြုချက်တွေအရလည်း ပါတာပေါ့နော်။ အဓိကနည်းလာရတာကတော့ အဖမ်းဆီးတွေများလာကြောင့်လို့ ပြောရမှာပေါ့။ အကောင်ရေပမာဏ ဘယ်လောက်ထိပဲကျန်တော့တယ်ဆိုတာ ကျတော့ ပြောဖို့အခက်အခဲရှိပါတယ်” ဟု ကိုအံ့မောင်က ဆိုသည်။

ယခုကဲ့သို့ ငမန်းနှင့် ငါးလိပ်ကျောက်အကောင်ရေလျော့ကျလာမှုသည် ရေအောက်ဂေဟစနစ်အပေါ်များစွာ အကျိုးသက်မှုရှိသဖြင့် ရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ငမန်းနှင့် ငါးလိပ်ကျောက်များကို ဖမ်းဆီးမှု လျှော့ချရန်လိုအပ်နေပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(FFI)မှ ရေချိုနှင့်အဏ္ဏဝါရေပြင်ထိန်းသိမ်းရေးအစီအစဉ် မန်နေဂျာ ဦးဇော်လွန်းကပြောသည်။

“ဒီနှစ်မျိုးစလုံးက ပင်လယ်တွေရဲ့ အခြေအနေအညွှန်းကိန်းတွေဖြစ်ကြတယ်။ သူတို့ ရှိ၊မရှိကိုကြည့်ပြီး ပင်လယ်ပြင်ရဲ့ ထူးခြားမှုကိုသိနိုင်တယ်။ ဥပမာ-ဒီနေရာမှာ ဒီသတ္တဝါတွေရှိမနေဘူးဆိုရင် သေချာတယ်။ အဲဒီ ပင်လယ်ပြင်မှာ တစ်ခုခုဖြစ်နေပြီပဲ။ ဒါကြောင့် ဒီသတ္တဝါတွေကို ထိမ်းသိမ်းဖို့အတွက် ရေလုပ်သားတွေ ဘက်ကလည်း ဝိုင်းဝန်းထိမ်းသိမ်းဖို့လိုတယ်။ ဒါမှ ရေရှည်မှာ ရေလုပ်ငန်းဆက်လုပ်ကိုင်ဖို့အဆင်ပြေမှာ” ဟု သူကဆိုသည်။

ငါးမန်းသည် အဏ္ဏဝါဂေဟစနစ်တွင် ထိပ်ဆုံးရှိ အသားစားကောင်(Top Indicator)ဖြစ်ကာ ပင်လယ်ပြင်၏ Food Pyramid ကို ထိန်းပေးထားခြင်းဖြစ်ကြောင်းနှင့် ငါးလိပ်ကျောက်မှာလည်း ဂေဟစနစ်တွင် Indicator ညွှန်းကိန်းတစ်ခုဖြစ်ကြောင်းနှင့် ၎င်းတို့မရှိသည်နှင့်တစ်ပြိုင်နက် ငါးဖမ်းစနစ်များပါ ပြောင်းလဲသွားနိုင်သည်အထိ ဖြစ်နိုင်ကြောင်း ဦးဇော်လွန်းကရှင်းပြသည်။

“ဒီငါးတွေကိုထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ FFI ရယ်၊ ငါးလုပ်ငန်းဦးစီးဌာနနဲ့ မိတ်ဖက်အဖွဲ့စည်းတစ်ခု ဖြစ်တဲ့ WCS ရယ် ပူးပေါင်းပြီးတော့ နိုင်ငံတော်အဆင့် ငမန်းငါးလိပ်ကျောက်ထိန်းသိမ်းရေးဆိုင်ရာ စီမံချက်တွေ ရေးဆွဲနေတယ်။ မူကြမ်းလည်းထွက်နေပြီ။ ငါးလုပ်ငန်းဦးစီးဌာနကိုတင်ပြထားတယ်။ ပြီးရင် လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာပါ” ဟု သူကဆိုသည်။

လက်ရှိတွင် ရခိုင်ဈေးကွက်အတွင်း သုံးပိဿာ ငမန်းတစ်ကောင်လျှင် ကျပ်တစ်သောင်းကျော်ခန့်နှင့် ငါးလိပ်ကျောက်တစ်ပိဿာလျှင် ကျပ်တစ်သောင်းအထိ ပေါက်ဈေးရှိကြောင်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။

“အခုတော့ ငါးလိပ်ကျောက်တွေက သိပ်ပြီးရတယ်လို့တော့ မမြင်မိတော့ဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဆိုရင် အများကြီးပဲ တော်တော်ပေါတယ်။ ဒီကြားထဲမှာ ယိုးဒယားဘက်ကလာတဲ့ မျှားတွေနဲ့ အသားကုန် ဖမ်းပစ်လိုက်ကြတော့ အခုဆိုရင် တစ်ရက်နေလို့ တစ်ကောင်တောင် မရကြတော့ဘူး။ ရရင်တောင်နေ့တိုင်း မရကြတော့ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ငါးမန်းမျိုးစိတ် ၅၀ ကျော်နှင့် ငါးလိပ်ကျောက်မျိုးစိတ် ၇၀ ကျော်ရှိသည့်အနက် ငါးမန်းမျိုးစိတ် ၁၃ မျိုး၊ ငါးလိပ်ကျောက်မျိုးစိတ် ၁၄ မျိုး၊ စုစုပေါင်း ၂၇ မျိုးကို ဦးစားပေးထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(FFI)ထံမှ သိရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...