ရခိုင်သို့ ဆေးဝါးများသယ်ယူရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ထောက်ခံချက်ပါမှ သယ်ယူခွင့်ရမည်

ရခိုင်သို့ ဆေးဝါးများသယ်ယူရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ထောက်ခံချက်ပါမှ သယ်ယူခွင့်ရမည်

ခင်သရဖီဦး  — ရန်ကုန်မှ ရခိုင်သို့ပြေးဆွဲနေသည့်ကားများတွင် ဆေးပစ္စည်းများနှင့် Mask များကို သယ်ဆောင်ရာ၌ သက်ဆိုင်ရာလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ထောက်ခံချက်ပါမှ သယ်ယူခွင့်ရမည်ဖြစ်ကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ထံမှ သိရသည်။

“ကျနော်သိတာကတော့ တပ်ဂိတ်ကတားတယ်။ တားတယ်ဆိုတာက သက်ဆိုင်ရာ နယ်လုံရဲ့ခွင့်ပြုချက်မပါရင်တော့ တားတယ်။ ဒါကိုတော့ ကျနော်သိထားတာကိုပြောတာ။ ဆေးထောက်ခံစာပါလို့ မရဘူးခင်ဗျာ၊ သက်ဆိုင်ရာ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီးဆိုတာရှိတယ်။ သူရဲ့လက်မှတ်မပါရင် တပ်ဂိတ်ကမလွှတ်ဘူး၊ ဒါကတော့သေချာတယ်” ဟု ဦးကိုကိုမြတ်ကဆိုသည်။

ရန်ကုန်မှ ရခိုင်သို့ပြေးဆွဲနေသည့်ကားများမှာ အမ်းမြို့ကို ဖြတ်ကျော်ရာ၌ စုပေါင်းဂိတ်နှင့် တပ်ဂိတ်နှစ်ခုကို ဖြတ်ရသည်။

အမ်းမြို့နယ်ရှိ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဆေးဝါးနှင့်ပတ်သက်သည့် ပစ္စည်းများကို တားဆီးခြင်းမရှိကြောင်း ဦးကိုကိုမြတ်က ဆက်ပြောသည်။

“ကျနော်တို့ဂိတ်တွေက အတားအဆီးမရှိဘူး။ ဆေးပစ္စည်းဆိုတာ ကျနော်တို့အတွက် ဘာမှပြဿနာမရှိဘူးလေ၊ ဒီမှာရှိတဲ့ ရဲတို့ လဝကတို့ ကျန်တဲ့စုပေါင်းဂိတ်တွေကတော့ ဆေးပစ္စည်းဆိုရင် အကုန်လွှတ်တယ်။ ကျနော်တို့ ဂိတ်တွေက ဆေးပစ္စည်းတွေကို အတားအဆီးမရှိဘူးဗျ၊ သို့သော် တပ်ကတော့ သူတို့လုံခြုံရေးအရ တားရင် တားမှာပေါ့။ ဒါပေမဲ့ ကျနော်တို့နဲ့ မဆိုင်ဘူးခင်ဗျာ” ဟု ဆိုသည်။

ရန်ကုန်မှ စစ်တွေသို့ပြေးဆွဲနေသည့်ကားများကို တပ်ကစစ်ဆေးရာတွင် သက်ဆိုင်ရာဝန်ကြီး လက်မှတ်မပါသည့်အခါ သိမ်းဆည်းထားမှုများမကြာခဏကြုံရသည့်ဟု အမည်မဖော်လိုသည့် ကားဂိတ်ဝန်ထမ်းတစ်ဦးက ပြောသည်။

“ဆေးဝါးပစ္စည်းတွေတင်လာရင် လမ်းမှာ ဝန်ကြီးလက်မှတ်ပါမှ ဖြတ်ခွင့်ပေးတာရှိပါတယ်။ ကျနော်ကတော့ ဖွင့်ပြီးတော့ မစစ်ဘူးလေ။ ဆိုတော့ သူတို့စစ်ဆေးတဲ့အခါမှာ ဆေးပစ္စည်းတွေပါလာပြီး စာရွက်စာတမ်းမပါဘူး ဆိုလို့ရှိရင် သိမ်းတာတွေရှိတယ်။ ဆေးစ္စည်းဆိုရင် အထောက်အထားအပြည့်နဲ့ လာရတယ်၊ ဆေးရုံပစ္စည်းတွေ ဆိုရင် သီးသန့်လာရတာမျိုးရှိတယ်။ ဆေးဝါးပစ္စည်းဆိုရင် တစ်ဘူးစ၊နှစ်ဘူးစ လာလို့မရဘူး” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များတွင် ဆေးဝါးများလိုအပ်နေသည်ကို ကြားသိရသောကြောင့် ဆေးပစ္စည်း များကို ရန်ကုန်ရောက် ရခိုင်လူငယ်ပရဟိတအသင်းများမှ ထည့်ပေးချင်သော်လည်း အခက်အခဲများ ရှိနေကြောင်း ACA ဝံသာနုဂ္ဂဟပရဟိတလူငယ်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ကိုကျော်ဌေးဝင်းက ပြောသည်။

“စစ်ဘေးရှောင်စခန်းတွေမှာ ချောင်းဆိုး၊ နှာချေစတာတွေနဲ့ ဆေးတွေလိုအပ်တယ်လို့ ပြောသံကြားတယ်။ အဲဒါကြောင့် ဆေးဝါးအနည်းငယ် ထည့်ချင်တယ်လို့ပြောတော့ သူတို့က ဆေးဝါးတွေကို လက်မခံဘူးလို့ ပြောပါတယ်။ လုံခြုံရေးအရ အမ်းဂိတ်ကဆေးဝါးတွေကို တင်ခွင့်မပြုဘူးလို့ပြောပါတယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်များအတွက် လိုအပ်သော ကျန်းမားရေးပစ္စည်းများကို သယ်ယူခွင့်မရသောကြောင့် မြို့များနှင့်အလှမ်းဝေးသည့် စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးပြတ်လပ်မည်ကို စစ်ဘေးရှောင်များအနေဖြင့် စိုးရိမ်မှုများ ရှိနေကြသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...