အမျိုးသမီးများမဲပေးရန် မွန်အမျိုးသမီးကွန်ရက် စည်းရုံးလှုံ့ဆော်

အမျိုးသမီးများမဲပေးရန် မွန်အမျိုးသမီးကွန်ရက် စည်းရုံးလှုံ့ဆော်

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်အမျိုးသမီးမဲဆန္ဒရှင်များ မဲထွက်ပေးကြရန် မွန်အမျိုးသမီးကွန်ရက်က တိုက်တွန်းနှိုးဆော်မှုများ လုပ်ဆောင်နေသည်။

ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအရ ၂၀၁၅ ရွေးကောက်ပွဲကျင်းပစဉ်က မွန်ပြည်နယ်တွင် မဲဆန္ဒရှင် တဝက်ခန့်သာမဲပေးခဲ့ပြီး မဲမပေးသူ အများစုမှာ အမျိုးသမီး များ ဖြစ်နေသည်။

ထို့ကြောင့် ယခုနှစ်၏ ရွေးကောက်ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲ ကဲ့သို့ အမျိုးသမီး မဲထွက်ပေးမှု မနည်းအောင်၊ အမျိုးသမီးများ မဲထွက်ပေးကြအောင် မွန်အမျိုးသမီးကွန်ရက်က လှုံ့ဆော်ရေး အစီအစဉ်ဖြင့် တိုက်တွန်းနှိုးဆော် နေခြင်းဖြစ်သည်။

“ရှိနေတဲ့အမျိုးသမီးဦးရေနဲ့ မဲထွက်ပေးတဲ့ အမျိုးသမီးဦးရေက အားနည်းနေတယ်၊ အခုကာလမှာ မဲထွက်ပေး မယ့် လူနည်းမှာကိုလည်း ကျမတို့ စိုးရိမ်နေတယ်၊ ဒါကြောင့် ကျမတို့က အမျိုးသမီးတွေရဲ့ အသံ လွှတ်တော်ထဲ ရောက်အောင် မဲထွက်ပေးကြပါ။ မဲဆန္ဒရှင်တွေ လုပ်ကြပါ။ နိုင်ငံသားတာဝန်ယူကြပါ။ အဲ့လို နှိုးဆော် တိုက် တွန်းနေတာရှိတယ်။ နောက်ပြီးတော့ ဒီကိုဗစ်ကာလမှာပေါ့ ရောဂါကိုလည်း ကာကွယ်၊ မဲလည်း ထွက်ပေးကြဖို့ တိုက်တွန်းနှိုးဆော်နေတာ ရှိတယ်” ဟု မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုး က ပြောသည်။

မွန်အမျိုးသမီးကွန်ရက်အနေဖြင့် အမျိုးသမီးများ မဲပေးရာတွင် ကိုယ်စားလှယ်လောင်းများအား မှန်မှန်ကန်ကန်ရွေးချယ်နိုင်ရေးနှင့် ရွေးကောက်ပွဲ ဆိုင်ရာပညာပေးများကိုလည်း ရပ်ကွက် ကျေးရွာအဆင့်ထိ လုပ်ဆောင်နေသည်ဟု မိချယ်ရီစိုးက ဆက် ပြော သည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ကူးစက်ရောဂါ အကြပ်အတည်း ကာလ အတွင်း ကျင်းပရမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်များ ၂၀၁၅ ရွေးကောက်တုန်းကလိုပဲ မဲထွက်မပေးကြမည်ကို အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများကလည်း စိုးရိမ်နေကြသည်။

မွန်ညီညွတ်ရေးပါတီ MUP ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင် က “ဒီကာလက လူထုတွေ တနေ့လုပ်တနေ့စားတွေ အတော်လေး အခက်အခဲဖြစ်နေကြတယ်။ စားဝတ်နေရေးအတွက် အတော်လေးအခက်အခဲဖြစ်နေကြတယ်။ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားတာ မဝင်စားတာအပထား မဲရုံကို သွားကြမလား နောက်မဲထည့်ချင်တဲ့ ဆန္ဒရှိတယ် ဒါပေမယ့်သွားရဲကြမလားပေါ့။ ဒီရောဂါကြောင့် မဲရုံမှာ ဘယ်လောက်ထိ စီစဉ်ပေးနိုင်မလဲ အခုမဲရုံတွေတိုးချဲ့ပေမယ့် လုံလောက်ပါ့မလားပေါ့ဗျာ။ လူထုကရော လိုက်နာနိုင်ပါ့မလား။ စီစဉ်တဲ့လူတွေကလည်း သေချာလုပ်ကိုင်နိုင်ပါ့မလား။ ကြောက်စိတ်ရှိတဲ့အခါကျတော့ လူတွေမဲပေးတာနည်းသွားမှာပဲ သေချာတယ်။ ဒါကြောင့် မဲရလာဒ်အပေါ် အပြောင်းအလဲရှိလာနိုင်တယ်” ဟု ပြောသည်။

ထို့အပြင် ကိုဗစ်ကန့်သတ်ချက်များကြောင့် ရွေးကောက်ပွဲဆိုင်ရာပညာပေးအစီအစဉ်များ လွတ်လပ်စွာမလုပ်ဆောင်နိုင်သည့်အနေအထားကြောင့်လည်း မဲဆန္ဒရှင်များမဲထွက်ပေးခဲ့ကြသည့်တိုင် ပယ်မဲဖြစ်သွားမှာကို စိုးရိမ်နေကြသည်လည်း ရှိသည်။

လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၇ ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၀၂ ဦး ဝင်ပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးအကြိမ် ထုတ်ပြန်ထားသည့် မဲဆန္ဒရှင်စာရင်းများအရ မွန်တစ်ပြည်နယ်လုံးတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းကျော် ရှိနေသည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...
August 20, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အလည်အပတ် နိုင်ငံကူးလက်မှတ် (PV)...
(ဓာတ်ပုံ - ပေးပို့ / Crd)
August 20, 2026
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က...